မြန်မာနိုင်ငံမှာ Debit Card အသုံးပြုနိုင်ပြီ

မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇)ဘဏ် ပူးပေါင်းပြီး ရင်းနှီးငွေ အမေရိကန်ဒေါ်လာ လေးသန်း မတည် ထူထောင်ထားတဲ့ မြန်မာပေးမန့် ယူနီယံကနေ Debit Card တွေ စတင်အသုံးပြုနိုင်ပြီ ဖြစ်တဲ့အကြောင်း မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် မြန်မာ ပေးမန့်ယူနီယံ Debit Card မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပနေစဉ်။ RFA

အမ်ပီယူကတ်တွေကို လက်တလောမှာ Debit Card အဖြစ် စတင်အသုံးပြုနိုင်မှာဖြစ်ပြီး မကြာခင် Credit Card တွေအဖြစ် ဆက်လက်ထုတ်ဝေတဲ့အခါ Master ၊ Visa ၊ American Express ၊ JCB ၊ China Union Pay Card စတဲ့ နိုင်ငံတကာ အကြေးဝယ်ကတ်ပြားတွေနဲ့လည်း ချိတ်ဆက် သုံးနိုင်မယ်လို့ ပြောပါတယ်။

အမ်ပီယူ Dabit Card တွေကို လက်ရှိနိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့ အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇ လုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး များမကြာခင်မှာ နိုင်ငံတကာမှာ တပ်ဆင်ထားတဲ့ ငွေထုတ်စက်တွေမှာပါ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာပေးမန့်ယူနီယံ အတွင်းရေးမှူး အေဂျီဒီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။

ဒီကနေ့ စတင်မိတ်ဆက်လိုက်တဲ့ အမ်ပီယူ debit ကဒ်တွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဈေးဝယ်စင်တာတွေနဲ့ ဟိုတယ်တွေမှာပါ ငွေပေးချေနိုင်မယ်လို့ သိရပါတယ်။

အမ်ပီယူကဒ်နဲ့ အေတီအမ် စက်တွေကနေ ငွေထုတ်တဲ့အခါ တစ်ရက်ကို အနည်းဆုံး ကျပ်တစ်ထောင်ကနေ အများဆုံး ကျပ်ဆယ်သိန်းအထိ ထုတ်ယူဖို့ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org