နောက်ဆက်တွဲ ငလျင်တွေ လှုပ်နိုင်တယ်လို့ ငလျင်ကေ်ာမတီ ခန့်မှန်း

ဖြူးမြို့ရဲ့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး ဒီကနေ့မနက် အစောပိုင်းက ငလျင်တွေလှုပ်ခတ်သွားတာဟာ အနောက်ပဲခူးရိုးမပြတ်ရွေ့ကနေ လှုပ်ခတ်တာဖြစ်ပြီး နောက်ဆက်တွဲငလျင်တွေလည်း လှုပ်ခတ်နိုင်တယ် လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောပါတယ်။

အဲဒီငလျင်ကြောကနေ နောက်ဆက်တွဲ ထပ်လှုပ်နိုင်တာတွေရှိပေမဲ့ ဗဟိုချက်နေရာက တောင်ထူထပ်တဲ့နေရာဖြစ် တဲ့အတွက် စိုးရိမ်စရာတော့မရှိဘူးလို့ မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဒေါက်တာမျိုးသန့် က ပြော ပါတယ်။

"ပြင်းအားကလည်း ၆ ရှိတယ်။ နောက်တစ်ခါ မြေအောက်အနက်လည်းပဲ ၁၀ ကီလိုမီတာ၊ စောက်တိမ် တဲ့အတွက်ကြောင့်မို့လို့ အဲဒီလို After Shock တွေကတော့ ဆက်ပြီးလာဖို့ အခွင့်လမ်းများတယ်။ အဲဒီ လိုပဲ သုံးသပ်လု့ိရပါတယ်။ ၅.၃ လောက် ရှိချင်မှရှိမယ်။ ပြင်းအားနည်းတဲ့ငလျင်တွေက ဆက်ပြီးလှုပ်နိုင် တယ်။ အခုဟာက လှုပ်တဲ့စင်တာက (ဗဟိုချက်က) လူနေတဲ့ရပ်ရွာတို့ မြို့တို့နဲ့ နည်းနည်းလေးလှမ်း တယ်။ ပဲခူးရိုးမတောထဲမှာပေါ့နော်။ တောင်ထူထပ်တဲ့နေရာမှာ လှုပ်တဲ့အခါကျတော့ အဆောက် အဦတွေ ထိခိုက်မှု သိပ်မရှိဘူးပေါ့နော်။ နောက်ဆက်တွဲ ငလျင်လှုပ်မယ်ဆိုရင်လည်း ပထမတစ်ကြိမ် လှုပ်တဲ့နေရာနားမှာပဲ လှုပ်မယ်ဆိုတော့ ကျနော်ထင်တယ် သိပ်တော့လည်း မစိုးရိမ်ရလောက်ပါဘူး။"

နောက်ဆက်တွဲငလျင်တွေဟာ ပြတ်ရွေ့လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့မြို့တွေဖြစ်တဲ့ ရန်ကုန်မြို့ အနောက်ပိုင်း မြို့နယ်တွေ၊ တိုက်ကြီး၊ လှည်းကူး၊ ပဲခူးတိုင်းအနောက်ဘက်ခြမ်း မြို့နယ်တွေကတော့ ငလျင်လှုပ်ခတ်မှုကို ခံစား ရနိုင်တယ်လို့ ပြောပါတယ်။

ဖြူးမြို့ရဲ့ အနောက်တောင်ဘက်မှာ ဒီကနေ့ မနက်အစောပိုင်းက ပြင်းအား ၆ ရစ်ချ်တာစကေး အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ပြင်းအား ၅.၃ ရစ်ချ်တာစကေးရှိတဲ့ငလျင် ၃ ကြိမ်၊ ပြင်းအား ၄.၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင် ၁ ကြိမ်၊ ပြင်းအား ၄.၆ ရစ်ချ်တာစကေး ရှိတဲ့ငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းကလည်း ဟုမ္မလင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။