ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးအိမ်ရာစီမံကိန်းတွေ အပါအဝင် ရွှေတိဂုံဘုရားကို ထိခိုက်စေနိုင်တဲ့ စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းလိုက်ဖို့ တစ်နိုင်ငံလုံးမှာ လက်မှတ်တွေကို လိုက်လံစုဆောင်း ပြီး နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တွေထံ တင်ပြသွားမယ်လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တောင်းဆိုချက်တွေအတိုင်း ဖြစ်မလာဘူးဆိုရင် နောက်တစ်ဆင့်အနေ့နဲ့ ဆန္ဒပြကန့်ကွက်သွားမယ် လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်လုပ်ရှားသူ ဓမ္မစက္က ဦးမောင်မောင် က ပြောပါတယ်။
"သဘောတူတဲ့ လက်မှတ်လေးတွေ စုဆောင်းပါမယ်၊ စုဆောင်းပြီးတဲ့အခါမှာ သက်ဆိုင်ရာ သမ္မတ အပါအဝင် လွှတ်တော် အစရှိတဲ့အစိုးရအဖွဲ့တွေကိုလည်း အသိပေးတဲ့စာတွေပို့ရမယ်၊ တဆင့်ပြီးတဆင့် ကျနော်တို့လုပ်ရပါမယ်၊ ဒဂုံစီးတီးအပါအဝင်ပါ၊ ဒီတစ်ခုတည်းကို ရည်ညွှန်းပြီး ပြောတာမဟုတ်ပါဘူး၊ နောင် လည်းပဲ ဒီနေရာမှာ ထပ်ပြီးတော့မဆောက်ဖို့ တိုက်တွန်းမှာပါ၊ အဲ့လို အဆင့်ဆင့်ဆောင်ရွက် သွားပြီးတော့ နောက်ဆုံး လူထုဆန္ဒထုတ်ဖော်တဲ့အထိ ကျနော်တို့က မရရအောင် ဥပဒေဘောင်အတွင်းက လုပ်သွားမှာဖြစ်ပါတယ်"
ဒီရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ရွှေတိဂုံစေတီတော်ကာကွယ်ဖို့ဆိုတဲ့ လက်ကမ်းစာစောင်တွေကို တစ်နိုင်ငံလုံးဖြန့်ချီပြီး အသိပညာပေးဖို့အပါအဝင် ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း ပြုလုပ်မယ့်စီမံကိန်းတွေကို ဖျက်သိမ်းပေးတဲ့ အထိ ဆန့်ကျင်ကန့်ကွက်သွားမယ်ဆိုတဲ့အချက် ၆ ချက်ကို ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲကို ရန်ကုန်မြိုပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့စတဲ့ အဖွဲ့အစည်းပေါင်းများစွာက သဝဏ်လွှာတွေပေးပိုခဲ့ကြပါတယ်။