စစ်ကောင်စီ ထိုးစစ်ကြောင့် ဒီပဲယင်းအရှေ့ခြမ်း ရွာတွေက လူတစ်သောင်းကျော်ထွက်ပြေး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို ရေဦး အခြေစိုက် တပ်ရင်းနှစ်ခုက စစ်ကောင်စီ တပ်သား ၁၅၀ နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မရကန်ရွာကို ဩဂုတ်လ ၂ ရက် ဒီနေ့ညနေက မီးရှို့ဖျက်ဆီးနေတယ်လို့ ရေဦးအခြေစိုက် People's Defense Comrade ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော် က ပြောပါတယ်။

စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဘယ်လောက် မီးလောင်ကျွမ်းခဲ့တယ် ဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။

“ဒီကနေ့မနက်မှ ပြေးရတာပေါ့ ဒီပဲယင်းအရှေ့ခြမ်းက မရကန်ရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ငါးထောင်လောက် ဒီကနေ့မနက်မှ ထပ်ပြီးတော့ ပြေးရတယ်၊ ဇူလိုင် ၃၁ ရက်နေ့ ကနေပြီးတော့ ဒီကနေ့ထိကတော့ တိမ်းရှောင်နေရတဲ့ ပြည်သူတွေကတော့ အားလုံးပေါင်း တစ်သောင်းကျော်သွားပြီ”

ဒီပဲယင်းနယ် အရှေ့ခြမ်း မဲအိုး၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးကတွင်း၊ အောင်ချမ်းသာ၊ သရက်တော၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ ညောင်လှ၊ လက်ဆည်၊ သပြေသာ၊ ရုံးသာ၊ နများ၊ ယဉ်ကျေး စတဲ့ရွာပေါင်း ၂၀ ကျော်က စစ်ရှောင် ပြည်သူ တစ်သောင်းကျော် ဩဂုတ်လ ၂ ရက်နေ့အထိ ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

မရကန်ကျေးရွာကို ဝင်ရောက်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ရေဦးအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၇၀၈ နဲ့ ၇၀၂ တပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းကစပြီး ရေဦးနယ် တောင်ဘက်ခြမ်းက ရွာသားလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပေါက်သာ၊ ဆည်ကြီး၊ ဇိန့်ဇွန်း၊ ပဋိကတ်ကျ၊ ချောင်းပေါက် စတဲ့ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က တွေ့ရစဉ်၊၊ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး)
ဒီပဲယင်းမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က တွေ့ရစဉ်၊၊ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး)

ဒီပဲယင်း အရှေ့ခြမ်း ကျေးရွာက ဒေသခံတစ်ဦးကလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေရဲ့ လက်နက်ကြီး ဖြစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်ဆိုတာ သတင်းရထားပေမဲ့ အတိအကျမသိရသေးဘူးလို့ ပြောပါတယ်။

“အဲဒီဘက်ရွာတွေပဲဗျ ဘယ်ရွာကလဲတော့ မသိဘူး ဗိုက်ကြီးသည် ပြည်သူတစ်ယောက်နဲ့ အမျိုးသား တစ်ဦးကတော့ လက်နက်ကြီး ထိမှန်တယ်လို့ သတင်းရထားတယ် သေသေချာချာ သိရဖို့ စုံစမ်းဆဲပေါ့ဗျာ ထိမှန်တာတော့ အတည်ပြုလို့ ရတယ်ဗျ”

စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ဟာလက်ရှိမှာ မိုးရွာသွန်းမှုကြောင့် အဆင်မပြေဘဲဖြစ်နေတယ်လို့ သူကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစောနိုင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းက နေရပ်စွန့်ခွာ ထွက်ပြေးသူ နှစ်သန်းနီးပါးရှိလာပြီလို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။