စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာတာကြောင့် ကျေးရွာ ဆယ်ရွာကျော်က ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ရေဦးအခြေပြု People's Defense Comrade အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် အရေးပေါ် စားနပ်ရိက္ခာလိုနေတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က RFA ကို ပြောပါတယ်။
"အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်ကနေ ဒီပဲယင်း အနောက်ခြမ်းကို စစ်ကြောင်းထိုးလာတာ၊ ဒီညနေမှာတော့ ဒီပဲယင်းမြို့ထဲကို ပြန်ဝင်သွားတယ်၊ ဘယ်ရွာမှတော့ မီးရှို့တာ မရှိဘူး၊ ဒီစစ်ကြောင်းကြောင့် ဒီပဲယင်းအနောက်ခြမ်းက ရွာဆယ်ရွာလောက် အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်၊ စစ်ရှောင်ပြည်သူ ရှစ်ထောင်လောက်ရှိတယ်၊ စားနပ်ရိက္ခာတော့ လိုအပ်နေတယ်"
ဒီစစ်ကြောင်းဟာ ဩဂုတ်လ ၁၈ ရက်နေ့က ဘုတလင်မြို့နယ် စိုင်ပြင်ရွာကနေ ထွက်လာပြီး ဩဂုတ်လ ၁၉ ရက်နေ့ မနက်မှာ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းကို ဝင်ရောက်လာပြီး ကျခတ်၊ ပျံကျ ၊ နှဘဲလှ ၊ ပုဂံ၊ လတ်တီး၊ ခွန်တောင်း ၊ နှောပင်၊ ငြိမ်းချမ်းရွာသစ် စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။
ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေအပါအဝင် ၁၄ ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့ကလည်း ဘုတလင်မြို့နယ်၊ ညောင်ကန်-စိုင်ပြင်ရှိ ဗကသရုံးကို ဝင်ရောက် စီးနင်းပြီး ကျောင်းသား သုံးဦးနဲ့ အရပ်သား နှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ကိုထူးခန့်ဇော်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သန်းနီးပါးရှိလာပြီလို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။