စစ်ကြောင်းထိုးလာလို့ ရေဦးနဲ့ ဒီပဲယင်းက ဒေသခံခုနစ်ထောင်ခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်ကရွာတွေကို ဇူလိုင်လ ၃၁ ရက်နေ့ညမှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ခဲ့တာကြောင့် ရွာ ၁၆ ရွာက ဒေသခံခုနစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ရေဦးမြို့ကနေ ထွက်လာတဲ့ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းဟာ ည ၁၀ နာရီလောက်မှာ ရွာတွေထဲကို ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကိုပါ ဖျက်ဆီး ခဲ့တာကြောင့် အနီးအနား ဝန်းကျင်ရွာတွေက ပြည်သူတွေပါ ထွက်ပြေးကြရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

" ည ၁၀ နာရီလောက် ရေဦးမြို့ပေါ်ကနေ ကားတွေနဲ့ ထွက်လာပြီးတော့ ရွာသာလေးရွာ၊ မူးသားကုန်းရွာတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်တော့ အကုန် ထွက်ပြေးကြတာ။ အဲဒီသတင်းကိုကြားတော့ ဒီပဲယင်းနယ် ရွာတွေက ပြည်သူတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးကြတာပဲ။ ညတွင်းပဲ ထွက်ပြေး လာတာဆိုတော့ ဘာပစ္စည်းမှ ပါမလာကြဘူး။ စားနပ်ရိက္ခာအခက်အခဲ ဖြစ်နေကြတယ်။ တချို့က လမ်းဘေးမှာ အိမ်ကြ၊ တချို့ကျ နီးစပ်တဲ့ရွာတွေမှာ အိပ်ကြရပေါ့"

စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေကိုပါ ထိုးကြိတ်နှိပ်စက်တာတွေ လုပ်ခဲ့တဲ့အပြင် ရွာတွေထဲကိုပါ ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ရေဦးတောင်ဘက်ခြမ်းက ရွာသာလေးရွာ၊ ကုက္ကိုစုရွာ၊ မူးသာကုံးရွာ၊ ပိဋကတ်ကျရွာ၊ ဇိန့်ဇွန်းရွာ၊ ပေါက်သာရွာ၊ ဆယ်ကြီးရွာ၊ ချောင်းပေါက်ရွာနဲ့ ဒီပဲယင်း အရှေ့ဘက်ခြမ်းက သရက်တောရွာ၊ အောင်ချမ်းသာရွာ၊ ညောင်လှရွာ၊ ဝဲကြီးရွာ၊ ကုန်းကြီးရွာ၊ လက်ယက်ကုန်းရွာ၊ မူးကတွင်းရွာနဲ့ ညောင်ကြီးကုန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ လက်ရှိ ရေဦးနယ် ဇိန့်ဇွန်းရွာတစ်ဝိုက်မှာ တပ်စွဲထားတာကြောင့် ဒေသခံတွေ နေအိမ် မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်က ဆိပ်ခွန်ရွာကိုလည်း ဇူလိုင် ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် အနီးအနားရွာတွေ ပြည်သူထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဇူလိုင် ၃၀ ရက်နေ့က ဒီပဲယင်းမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီဂိတ်တစ်ခုကို တိုက်ခိုက်ရာမှာ စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။