၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲဟာ တစ်နာရီခန့်ကြာတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဘက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ တက်ရောက်ခဲ့ပါတယ်။
မစ္စတာ ဒဲရက်မစ်ချယ်နဲ့အဖွဲ့ဟာ မနေ့က ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲွမှာ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေနဲ့ မြန်မာ အမေရိကန်ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မစ္စတာ ဒဲရက်မစ်ချယ်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံလွှတ်တော်က လုပ်ဆောင်နေတာတွေ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှာ သံမှူးအဆင့်အထိ ပြန်လည်ခန့်အပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တဆင့်ချင်း လျှော့ချသွားဖို့ရှိတယ်လို့ ပြောဆိုနေကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို အာအက်ဖ်အေ အဖွဲသား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
