ကချင်ဒေသအရေး အမေရိကန်သံအမတ်ကြီးနဲ့ စစ်တိုင်းမှူး ဆွေးနွေး


2013.10.26
derek-mitchel-305.jpg အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ် မြစ်ကြီးနားမြို့ မနောကွင်းဥယျာဉ် အောက်တိုဘာလ ၂၅ ရက်နေ့က ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုှ ဗဟိုကော်မတီရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်
photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ဒီနေ့ မနက်ပိုင်းက မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် မလိခရိပ်သာမှာ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် နဲ့ တွေ့ဆုံပြီး ကချင်ဒေသ ငြိမ်းချမ်းရေး အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း ကချင်ပြည်နယ်မှာ အခုရက်ပိုင်း အတွင်း အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကိုပါ အလေးထားဆွေးနွေးခဲ့တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပြပါတယ်။

“တိုက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ အခြေအနေက ဒီလိုဒီလိုပဲ၊ အဲဒီမှာကျနော်တို့သွားတဲ့အခါ ဖြစ် ချင်တော့ တရုတ်နိုင်ငံကို တရားမဝင်ထုတ်မယ့်သစ်တွေ ပုံထားတယ်၊ ကျနော်တို့က ဖမ်းဆီးရမိတဲ့ အခြေအနေလေးတွေ ပြောပြလိုက်ပါတယ်၊ သံအမတ်ကြီးကပြောတယ် အောက်ခြေမှာတော့ ချွတ်ယွင်းမှု ရှိမယ်ဆိုတာတော့ လက်ခံပါတယ်တဲ့၊ သူပြောတာက အချင်းချင်းလိုအပ်တဲ့အကူအညီရှိရင်လည်းပြောဖို့ပေါ့၊ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် နှစ်ဖက်စလုံးက ဆောင်ရွက်ကြရမယ်တဲ့”

အမေရိကန်သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အိုနည်းပညာအကြံပေး အလုပ်အဖွဲ့ ရုံးကိုသွားရောက်ပြီး ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

ဒါ့အပြင် အမေရိကန် သံအမတ်ကြီးဟာ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်ရဲ့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ မြစ်ကြီးနားမြို့ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။