လောင်းလုံးမှာ စစ်ကြောင်းထိုးချိန် နေအိမ်တွေ ဖောက်ထွင်းခံရ
2024.09.11
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က သဘော့ဆိပ်နဲ့ ပြင်ကြီးရွာနှစ်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းထားချိန် နေအိမ်အများအပြားကို ဖျက်ဆီးဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနှစ်ရွာပေါင်းမှာ စုစုပေါင်းအိမ်ခြေ တစ်ထောင်ခန့်ရှိပြီး ကုန်စုံဆိုင်နဲ့ အဝတ်အထည်ဆိုင်တွေ အပါအဝင် နေအိမ်အများအပြား ဖောက်ထွင်းဖျက်ဆီးခံရသလို နေအိမ်ခြောက်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မီးရှို့ခံလိုက်ရတဲ့ အိမ်ခြောက်ဆောင်ထက် မနည်းရှိတယ်။ ဖျက်ဆီးခံလိုက်ရတဲ့ အိမ်လည်း တော်တော်များများတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကို အကုန်ထုတ်ပြီး အဲဒီပစ္စည်းတွေကိုပုံပြီး အကုန်လုံးကို မီးရှို့ခဲ့တယ်။ သဘော့ဆိပ်မှာဆိုရင် ကမ်းခြေဘက်မှာရှိတဲ့ ကုန်စုံဆိုင်တွေ၊ အ၀တ်ဆိုင်တွေကို အကုန်လုံးကို အထဲက ပစ္စည်းတွေအကုန်သယ်၊ အိမ်တွေအကုန်လုံးကို ဖျက်ဆီးတာ"
အင်အားတစ်ရာခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လ ၁၇ ရက်နေ့ကစလို့ သဘော့ဆိပ်၊ ပြင်ကြီး၊ ကျောက်ဆင်၊ ကရင်ကြီးနဲ့ ကမ်းပနီရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာတော့ မောင်းမကန် နယ်မြေရဲစခန်းကို ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။
စစ်ကြောင်းပြန်ထွက်ချိန် ဒေသခံနှစ်ဆယ်ခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတချို့ ပြောဆိုကြပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကြောင်းထိုးစီးနင်းမှုတွေကြောင့် ရွာငါးရွာခန့်က ဒေသခံနှစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကြောင်းပြန်ထွက်သွားပေမဲ့ တချို့က ရွာကို ပြန်မ၀င်ရဲကြသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ချိန် ဖွားဘုတ်ပြင်ရွာအနီးမှာ ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။