အာဏာရှင်အမူအကျင့် မပျောက်သေးကြောင်း အရှင်ဆန္ဒာဓိက မိန့်ကြား

0:00 / 0:00

လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တာဟာ အာဏာရှင်အမူအကျင့် မပျောက်တဲ့လုပ်ရပ်မျိုးဖြစ်တယ်လို့ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်း ဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်ပါတယ်။

မတ်လ ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ ကျောင်းသား သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး RFA က လျှောက်ထားမေးမြန်းချက်မှာ ဆရာတော်က မိန့်ကြားလိုက်တာဖြစ်ပါတယ်။

"အာဏာရှင်လူထွက်ဆိုတာက အခု ဦးဇင်းတို့ ရဲ့လက်ရှိအစိုးရကို ဒီမိုကရေစီအစိုးရလို့ ခေါ်ပေ မယ့်လို့ ဒီလက်ရှိအစိုးရမှာ တာဝန်ထမ်းဆောင်နေရတဲ့ နိုင်ငံတော်အကြီးအကဲ အားလုံးနီးပါးရော၊ သက်ဆိုင်ရာ ဒေသအသီးသီးမှာရှိတဲ့ ဒေသဆိုင်ရာအကြီးအကဲအားလုံးနီးပါးဟာ အရင်အာဏာ ရှင်ခေတ်တုန်းက အစိုးရအဖွဲ့အစည်းထဲမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ သူတွေချည်းပဲပေါ့၊ ဒါကြောင်မို့လို့ အခုလက်ရှိအစိုးရမှာ တာဝန်ယူထားကြတဲ့ အကြီးအကဲအားလုံးနီးပါးဟာ အာဏာရှင်လူထွက်တွေ လို့ ပြောရမှာပေါ့နော်၊ အဲ့ဒါအာဏာရှင်လူထွက်ဆိုလည်းပဲ အာဏာရှင်ဘဝမှာတုန်းကရှိခဲ့တဲ့ အမူ အကျင့်တွေပါလာတာပေါ့၊ ပြဿနာတစ်ရပ် ကိုင်တွယ်ဖြေရှင်းရတော့မယ်ဆိုရင် ဒီအကြမ်းဖက်တဲ့နည်းနဲ့ ပဲ ဖြေရှင်းချင်တဲ့စိတ်တွေ ဖြစ်သွားတာပေါ့နော်၊ အဲ့ဒီတော့ လက်ပံတန်းအဖြစ်အပျက်ကို ကြည့်လိုက် မယ်ဆိုရင် အာဏာရှင်လူထွက်တွေရဲ့ အာဏာရှင်အမူအကျင့်တွေ၊ အာဏာရှင်သရုပ်သဏ္ဍန်တွေကို အတိုင်းသား အထင်အရှားမြင်တွေ့နေရတယ် ဆိုတဲ့အကြောင်းကို ပြောပြရတော့မယ်"

ဒါ့အပြင် ဖမ်းဆီးနှိပ်စက်ခံရတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ခမ်းနားစွာအနိုင်ရသူတွေဖြစ်ကြောင်း ဆရာတော်က ချီးကျူးဂုဏ်ပြုမိန့်ကြားပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေဆိုတာ အောက်ခြေကနေ အပေါ်ဆုံးအထိ မေတ္တာတရားထားရမှာ ဖြစ်ကြောင်း နဲ့ မေတ္တာတရားအားနည်းတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ဘယ်လိုနည်းနဲ့မှ ထိရောက်အောင်မြင်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း မိန့်ပါတယ်။

ဆရာတော်ဟာ လက်ပံတန်းမြို့မှာ ရက်အတော်ကြာ သပိတ်စခန်းဖွင့်ခဲ့တဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်း ကို ငွေကျပ် သိန်း ၃ဝ လှူဒါန်းခဲ့ပါတယ်။

ဆရာတော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တွေ့ဆုံလျှောက်ထား မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။