လက်ပြတ်သည့် လုပ်သားအတွက် လျော်ကြေးနည်း၍ တိုင်ကြား

ရွှေပြည်သာစက်မှုဇုံ ရွှေဂဏန်း ပလပ်စတစ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေရင်း စက်ညပ်ပြီး ညာဖက်လက်ပြတ် သွားတဲ့ အလုပ်သမားအတွက် စက်ရုံပိုင်ရှင်တွေက နစ်နာကြေးပေးရာမှာ အလွန်နည်းတာကြောင့် ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့မှာ ပဲ စစ်အစိုးရအလုပ်သမားဝန်ကြီးဌာနနဲ့ အိုင်အယ်အို အလုပ်သမားအဖွဲ့ချုပ်ကြီးကို တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

2010.12.13

အသက် ၂၃ နှစ်အရွယ် ကရင်တိုင်းရင်းသား ကိုစောဒေးဗစ်ထွန်းဟာ ရွှေပြည်သာ စက်မှု ဇုံ ၄ မှာ ရှိတဲ့ အလုပ်ရှင် ဒေါ်မြမြဝင်းပိုင် ရွှေဂဏန်း ကော်စေ့စက်ရုံမှာ အလုပ်လုပ်ကိုင်နေရင်း စက်ညပ်တဲ့အတွက် ညာဖက်လက် ပြတ်သွားခဲ့တာကြောင့် ဥပဒေအရ လျော်ကြေးတောင်းခဲ့ရာမှာ အလုပ်သမားကော်မတီနဲ့ အလုပ်ရှင်တွေ ပူးပေါင်းပြီး လျော်ကြေးငွေ နည်းနည်းပဲပေးတာကို မကျေနပ်တဲ့အတွက် တိုင်တန်းရတာ ဖြစ်ကြောင်း ဒီကိစ္စမှာ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေက အခုလို ပြောပါတယ်။

“လုပ်ငန်းခွင်မှာ လုပ်နေရင်းနဲ့ စက်ထဲမှာ လက်ပါသွားပြီးတော့ ညာဖက်လက် ပြတ်သွားတာပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်လို့ ဒီ အလုပ်ရှင်ကနေပြီးတော့ လျော်ကြေး ပေးတာက မတန်တဆ လျော်ကြေး နည်းနည်းပါးပါးပဲ ပေးတာ။ အဲဒီအတွက်နဲ့ ပတ်သက်လို့ မကျေနပ်လို့ သူတို့ ဒီ ILO ရုံးကို လာပြီး တိုင်တာပေါ့ဗျာ။ အလုပ်သမား ဝန်ကြီးဌာနကိုလည်း တိုင်တယ်၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ချစ်စိန်ှဆီကိုလည်း တိုင်မှာပေါ့။”

ဥပဒေနဲ့အညီ အလုပ်သမားတဦးရဲ့ ခံစားခွင့်အရ နစ်နာသူအလုပ်သမားဟာ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ အတွက်အသက် ၆၀ အထိ ကျန်ရှိနေတဲ့ နှစ်တွေမှာ ရရှိခံစားရမဲ့ လုပ်ခလစာရဲ့ သုံးပုံတပုံကို တွက်ချက် တောင်းဆိုခဲ့ကြောင်း။ ရှေ့နေတွေရဲ့ ပြောဆိုချက်နဲ့အညီ ဥပဒေအရ ခံစားခွင့် ရှိတဲ့ ပမာဏအတိုင်း သိန်း ၇၀ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ကော်မတီက ၈ သိန်းနဲ့ပဲ ကျေနပ်ဖို့ ဖိအားပေး လာတဲ့အတွက် မကျေနပ်တာကြောင့် အခုလို တိုင်တန်းရတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။