ပန်ဒါ အလုပ်သမားအရေး ဖြေရှင်းပေးဖို့ မန္တလေးတိုင်းအစိုးရကို တောင်းဆို

2018-09-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ အလုပ်ထုတ်ခံရတဲ့ ပန်ဒါအထည်စက်ရုံ အလုပ်သမားတွေကို ၂၀၁၈ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်
မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ အလုပ်ထုတ်ခံရတဲ့ ပန်ဒါအထည်စက်ရုံ အလုပ်သမားတွေကို ၂၀၁၈ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

အလုပ်သမား ၂၀၀ ကျော် အလုပ်ထုတ်ခံရတာကို ပြေလည်အောင်ဖြေရှင်းပေးဖို့အတွက် ပုလိပ်မြို့ ပန်ဒါ ချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေ စုပေါင်းပြီး မန္တလေးတိုင်းအစိုးရ အဖွဲ့ရုံးရှေ့မှာ ဒီနေ့ လာရောက်တောင်းဆိုခဲ့ကြပါတယ်။

မိသားစု ၅၀၀ ကျော် စားဝတ်နေရေး အခက်အခဲဖြစ်နေတာ တစ်လကျော်နေပြီဖြစ်တယ်လို့ အခြေခံအလုပ်သမား အဖွဲ့အစည်း(၁)ရဲ့ အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်း က RFA ကို ပြောပါတယ်။

“ပန်ဒါကုမ္ပဏီက ၀န်ထမ်းတွေရော၊ စက်ရုံရော လွှဲပြောင်းယူပြီးတော့ နိုင်ငံ့ဝန်ထမ်းဟောင်းတွေကိုတော့ အကြောင်းမရှိ အကြောင်းရှာဖြုတ်ပြီးတော့ ကျွမ်းကျင်မှု့မရှိတဲ့ ပုတ်ပြတ်၊ နေ့စားတွေကိုတော့ ၆ သောင်း၊ ၇ သောင်းနဲ့ လူရာနဲ့ချီပြီးခန့်နေပါတယ်။ အလွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းတွေကိုတော့ ဖြုတ်ပြီးတော့ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေပါတယ်။ ဒုက္ခရောက်နေလို့ အခုလို ၀န်ကြီးချုပ်ကို လာတွေ့ရခြင်းဖြစ်ပါတယ်”

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်လို့ ၀န်ကြီးချုပ်အနေနဲ့ ပြေလည်အောင် ဖြေရှင်းပေးဖို့အတွက် စာတင်တာ ၄  ကြိမ်ခန့်ရှိပြီဖြစ်ပေမဲ့ အခုအချိန်အထိ တွေ့ဆုံခွင့်မရသေးဘူးလို့ သိရပါတယ်။

အလုပ်သမား သဘောတူစာချုပ်ချုပ်ဖို့ သဘောတူပေမဲ့ မမျှတတဲ့စာချုပ်ကိုတော့ မချုပ်ဆိုနိုင်ဘူးလို့ ဒေါ်ဇာခြည်ဝင်း က ပြောပါတယ်။

အလုပ်သမား ၂၀၀ ကျော်ကို ပြီးခဲ့တဲ့ သြဂုတ်လက ဖြုတ်လိုက်တာဖြစ်လို့ မိသားစုတွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ချုပ်ဆိုမှု အဆင်မပြေတဲ့အတွက် ပန်ဒါ အလုပ်သမား ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ပလိပ်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့