'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်းဆောင်တွေနဲ့ ၀ ဒေသ ပန်ဆန်းမှာ သွားရောက်တွေ့ ဆုံခဲ့တဲ့ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင် ဦးစိုးဌေးကို ကော်မတီဝင်အဖြစ်ကနေ ဒီနေ့ ထုတ်ပယ်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ ပြောင်းလဲဖွဲ့စည်းကြောင်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေညာရာမှာ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် မှုကော်မတီ အဖွဲ့ဝင် ဦးစိုးဌေးနေရာမှာ အစားထိုးတာဝန်ပေးအပ်ကြောင်း အခုလိုကြေညာခဲ့တာဖြစ်ပါတယ်။
"တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ အဖွဲ့ဝင် ဦးစိုးဌေး ကော့ ကရိတ်မဲဆန္ဒနယ်အစား ဦးစောဗစ်တာခလိုက် သံတောင်ကြီးမဲဆန္ဒနယ်အား ပြောင်းလဲထည့်သွင်း ဖွဲ့စည်းမှာဖြစ်ပါတယ် "
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၀ ဒေသကို ကြိုတင်ခွင့်ပြုချက်မတောင်းဘဲ သွားရောက်ခဲ့ တဲ့အတွက် ကော်မတီအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခံရသလို NLD ကလည်း ပါတီရဲ့ အရေးကြီးလုပ်ငန်း တာဝန်တွေမှာ ထမ်းဆောင်ခွင့် တစ်နှစ်ပိတ်ပင်လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး က ပြောပါတယ်။
"ကျနော်က ဝ ဒေသကို ကြိုတင်ခွင့်ပြုချက် မတောင်းဘဲနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အချက်အလက်တွေ သွားရောက်ပြီးတော့လေ့လာခဲ့တယ်၊ အဲ့ဒီအတွက် ပြည်သူ့လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ငြိစွန်းတယ်၊ ဒါကြောင့်မို့ ကော်မတီတာဝန်က လူအစားထိုးခဲ့ပါတယ်၊ ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတာဝန်ကတော ကျနော့်မှာမရှိတော့ဘူးပေါ့နော်၊ ပါတီဝင်အဖြစ်က ရပ်ဆိုင်းတာမဟုတ်ပါဘူး၊ ပါတီရဲ့အရေးကြီးတာဝန်ထမ်းဆောင်ခွင့် တစ်နှစ်ရပ်ဆိုင်းတဲ့သဘောပါ"
ဦးစိုးဌေးဟာ အမေရိကန်ပြည်ထောင်စု၊ ရုရှားသမ္မတနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ စစ်သံမှူးကြီးအဖြစ် တာဝန် ယူထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ဖြစ်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်ကနေ NLD ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။
