ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် DMG သတင်းဌာန အယ်ဒီတာချုပ်နဲ့ အမှုဆောင် ဒါရိုက်တာတို့ကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၂)နဲ့ သတင်းအထူးတပ်ဖွဲ့က အမှုဖွင့် တိုင်ကြားထားတာကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်အေနနဲ့ ကူညီဖြေရှင်းပေးဖို့ DMG သတင်းဌာက အကူအညီ တောင်းခံစာ ဒီနေ့ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။ DMG သတင်းဌာန အယ်ဒီတာချုပ် လက်မှတ်ရေးထိုး အကူအညီတောင်းခံလိုက် တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC အနေနဲ့ သတင်းအထူးတပ်ဖွဲ့က အမှုဖွင့်ထားတဲ့ကိစ္စကို ကြားဝင်ဖြေရှင်းပေးဖို့အတွက် DMG သတင်းဌာနက မေလ ၈ ရက်နေ့မှာ အကူအညီတောင်းခံစာ ပေးပို့ထား တယ်လို့ သိရပါတယ်။
သတင်းတပ်ဖွဲ့က DMG အယ်ဒီတာချုပ်ကို တရားစွဲဆိုထားမှုနဲ့ ဆက်စပ်ပြီး DMG သတင်းဌာနက သတင်းထောက် ချုပ်နဲ့ သတင်းထောက် တစ်ဦးကို စစ်တွေမြို့ အမှတ်(၁) ရဲစခန်းက ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
DMG သတင်းဌာနက မြောက်ဦးမှာ ကွယ်တဲ့လဆိုတဲ့ သတင်းဆောင်းပါးကို ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်လို့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းခံရတဲ့ သတင်းသမားတွေက ပြေားထားပါတယ်။
အဲဒီဆောင်းပါးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတွေကို လက်နက်ကိုင်အဖွဲ့တွေက ရိုက်နှက်တာတွေနဲ့ ကျည်ထိမှန်ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
ဒါ့အပြင် ဒေသခံတွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့က ငွေကြေးနဲ့ အဖိုးတန်လက်ဝတ် ရတနာတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုချက်တွေကို ကွင်းဆင် သတင်းရေးသား ဖော်ပြခဲ့တာဖြစ်ကြောင်းလည်း သတင်းသမားတွေက ပြောပါတယ်။
DMG သတင်းဌာနကို အမှုဖွင့်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုချက် ထုတ်ပြန်ထားပါတယ်။
