DMG သတင်းဌာနကို အရေးယူမှု ဖယ်ရှားပေးဖို့ Fortify Rights တောင်းဆို

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group DMG သတင်းဌာနက အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးအပေါ် စွဲဆိုထားတဲ့ပုဒ်မတွေကို ဖယ်ရှားပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ ဦးအောင်မင်းဦးဟာ တိမ်းရှောင်နေရပြီး သူကို သတင်းရဲတပ်ဖွဲ့က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၂) နဲ့ တရားစွဲဆိုထားတယ်လို့ Fortify Rights ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ DMG သတင်းဌာနဟာ ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို အသားပေးဖော်ပြနေတဲ့ သတင်းဌာန တခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

DMG သတင်းဌာနကို ၂ဝ၁၂ ခုနှစ်က ထိုင်းမြန်မာနယ်စပ်မှာ စတင်ထူထောင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ရန်ကုန်နဲ့ စစ်တွေမြို့တွေမှာ သွားရောက် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။