ဒေါက်တာဇော်ထွယ်အောင် သေဆုံးမှု NUG စုံစမ်းစစ်ဆေးမည်

RFA Burmese
2023.08.20
ဒေါက်တာဇော်ထွယ်အောင် သေဆုံးမှု NUG စုံစမ်းစစ်ဆေးမည် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲရွာအနီးတွင် အချုပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့သည့် ဒေါက်တာ ဇော်ထွယ်အောင်။
Chindwin Medical Network

စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါက်တာဇော်ထွယ်အောင် ထောင်ပြောင်းရွှေ့ချိန်မှာ မိုင်းခွဲခံရပြီး သေဆုံးခဲ့တာကို စုံစမ်းစစ်ဆေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး NUG ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ မသိသေးဘူးလို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

ဒေါက်တာဇော်ထွယ်အောင်ဟာ ချင်းတွင်းကျန်းမာရေးကွန်ရက် (Chindwin Medical Network - CMN)ရဲ့ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) မှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်းလည်း NUG ရဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့တာကို မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ အာဇာနည်သူရဲကောင်းတစ်ဦးလို့ NUG ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့ နေ့လည် ၁ နာရီလောက်က စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ကနေ စစ်ကား ငါးစီးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုခေါ်ပြီး မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင်တွေကို ပြောင်းရွှေ့ချိန်မှာ မိုင်းဆွဲခံရပြီး ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့တာဖြစ်ပါတယ်။

သူနဲ့အတူ နိုင်ငံရေးအကျဉ်းသား ငါးဦးနဲ့ အခြားအကျဉ်းသား ၃၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကဆောင်ရွက်လည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒေါက်တာ ဇော်ထွယ်အောင်ဟာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေမှာ ထောက်ခံခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်မှာ မုံရွာမြို့မှာ ဖမ်းဆီးခံခဲ့ရပြီး PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင် ၁၁ နှစ် ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။