ဆွစ်ဇာလန်နိုင်ငံသား ဒါရိုက်တာ Didier Nusbaumer ရိုက်ကူးတဲ့ "ဘာမှမမျှော်လင့်ပါနဲ့" (Don't Expect Anything) ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းဟာ သာသနာညှိုးနွမ်းစေတဲ့အတွက် အသက် ၁၂ နှစ်အရွယ် မိန်းကလေး အပါအဝင် ၁၄ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၁၈ ရက်က ထုတ်ပြန်ပါတယ်။
ဘာသာရေးနဲ့ဆက်နွယ်တဲ့ အကြောင်းအရာတွေကို တစ်နာရီကျော် ရိုက်ကူးပြသထားတဲ့ အဲဒီရုပ်ရှင်ဇာတ်လမ်းဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယဉ်ကျေးမှုထုံးတမ်းနဲ့ သံဃာတော်တွေရဲ့ အကျင့်သီလကို ပုတ်ခတ်စော်ကားတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ဇာတ်လမ်းမှာ ပါဝင်သူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံသား ဒါရိုက်တာ Didier Nusbaumer ကပဲ ဇာတ်ညွန်းရေးသားခဲ့ပြီး ဇာတ်လမ်းမှာ အသက် ၁၂ အရွယ် မယွန်းအိခင်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တာပါ။
ဒီရုပ်ရှင်ဇာတ်လမ်းကို ဇူလိုင်လ ၂၄ ရက်နေ့ကစလို့ လူမှုကွန်ယက်မီဒီယာပေါ်မှာ ပြသခဲ့ပါတယ်။ အဲဒီနောက် ပါဝင်သရုပ်ဆောင်၊ ရိုက်ကူးထားသူတွေကို စစ်ကောင်စီက ဩဂုတ်လ ၈ ရက်မှာ ဖမ်းဆီးလိုက်တာပါ။
ဖမ်းဆီးထားတဲ့ ၁၄ ဦးကို တရားဥပဒေနဲ့အညီ အရေးယူမယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။ ဘယ်လို ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူမယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
တစ်ချိန်က ဘာသာရေးအရ အငြင်းပွားဖွယ်စာအုပ်ဖြစ်ခဲ့တဲ့ ရှင်ဥက္ကဋ္ဌရဲ့ “လူသေလူဖြစ်ဝါဒ” ဆိုတဲ့ စာအုပ်ကို ပြန်လည်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက်နှစ်ခုကိုလည်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဧပြီလမှာ ပိတ်သိမ်းခဲ့ပါတယ်။
အာဏာသိမ်းနှစ်နှစ်ခွဲ ကြာပြီးနောက်မှာတော့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေ မရိုက်ကူးမီ ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို ဩဂုတ်လ ၁ ရက်နေ့ကစလို့ စစ်ကောင်စီ ပြန်ကြားရေးဌာန ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြဖို့ကိုလည်း စစ်ကောင်စီက ကြေညာထားပါတယ်။