တိုင်းရင်းသားအဖွဲ့တွေ လုံခြုံရေးကိစ္စ ဆွေးနွေး


2016.06.16
dpn-meeting-620.jpg နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ခေါင်းဆောင်တွေ ဇွန်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Aung Moe Myint/RFA

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ခေါင်းဆောင်တွေဟာ လုံခြုံရေးဆိုင်ရာမူဝါဒတစ်ခု ရရှိရေး အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင်ဆွေးနွေးနေကြပါတယ်။

DPN ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ခူးဦးရယ်က နိုင်ငံတကာတတ်သိပညာရှင်တွေနဲ့ Security Sector Reform Workshop လို့ ခေါ်တဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရတာဟာ ၂၁ ရာစု ပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

"၂၁ ပင်လုံညီလာခံ သဘောမျိုး ပြန်လုပ်မယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ကဏ္ဍနှစ်ရပ် ပဲ ဆွေးနွေးမယ်ဆိုတဲ့ သဘောပေါ့နော်၊ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍ အဓိကထား ပြီးတော့ ဆွေးနွေးမယ်ပေါ့၊ ကျနော်တို့အနေနဲ့ ဒါလုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကို လည်းပဲ ကျနော်တို့ဘက်က ကြိုတင်ပြီးတော့ နည်းနည်းပြင်ဆင်မှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ကျနော်တို့ နားလည်တယ်လေ၊  ဒီစစ်ရေးကိစ္စရပ်တစ်ခုထဲနဲ့ မလုံလောက်ဘူးပေါ့၊ စစ်ရေးပဋ္ဋိပက္ခဖြစ်နေတဲ့ အချိန်ကနေပြီးတော့ ဒီစစ်ရေးပဋိပက္ခတွေ ရပ်တန့်ပြီးတော့မှ အခုအသွင်ကူးပြောင်းတဲ့ကာလမျိုးတွေမှာ ဒီလုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လို အစီအမံတွေနဲ့ သွားကြသလဲပေါ့နော်၊ စစ်ရေးဆိုလည်း စစ်ရေးကဏ္ဍ၊ ပညာရေးဆိုလည်း ပညာရေးကဏ္ဍ၊ စီးပွားရေးဆိုလည်း စီးပွားရေးကဏ္ဍ၊ အုပ်ချုပ်ရေးဆိုလည်း အုပ်ချုပ်ရေးကဏ္ဍ အဲ့လို အစီအမံလေးတွေကို ကျနော်တို့ ခေါင်းဆောင်တွေအနေနဲ့ လေ့လာသိရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ နိုင်ငံတကာမှာလည်း နည်းနည်းအတွေ့အကြုံရှိတဲ့ UK က တပ်မှူးဟောင်း တစ်ယောက်ကနေပြီးတော့ သူ့ရဲ့အတွေ့အကြုံကို လာပြီးဖလှယ်ပေးတာပဲပေါ့နော်"

လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖြစ်စဉ်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကဏ္ဍတွေကို ဒီကနေ့ ဆွေးနွေးကြတယ် လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ပဋိပက္ခဖြေရှင်းမှုတွေမှာ ကျင့်သုံးလေ့ရှိတဲ့ DDR လက်နက်ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နှုတ်ထွက်ခွင့်ပြုရေးနဲ့ အရပ်သားတွေအဖြစ် ပြန်လည်ပေါင်းစည်းရေး မူဝါဒတွေကိုလည်း ဒီဆွေးနွေးပွဲမှာ လေ့လာသုံးသပ်ကြမယ်လို့ ဆိုပါတယ်။

မနက်ဖန် ဇွန်လ ၁၇ ရက်နေ့ထိ နှစ်ရက်ကြာကျင်းပမယ့် ဒီဆွေးနွေးပွဲကို ENAC ခေါ် တိုင်းရင်းသား လူမျိုးများရေး ရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ဦးစီးကျင်းပတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။