ဆွေးနွေးပွဲ ရက်ရွှေ့ဖို့ DPN တောင်းဆို

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ရဲ့ ရုံးအဖွဲ့နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မရေး ထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ဇွန်လ ၂ဝ ရက်နေ့မှာ အလွတ်သဘော ထပ်မံတွေ့ဆုံဆွေးနွေးဖို့ အစိုးရဘက်က အကြောင်းကြားခဲ့ပေမယ့် အခုလာမယ့်အဖွဲ့မှာ ဆုံးဖြတ်ပေးနိုင်သူတွေ မပါဝင်တဲ့အတွက် တိုင်းရင်းသားတွေက ရက်ရွှေ့ဆိုင်းပေးဖို့ ပြန်လည်တောင်းဆိုထားတယ် လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်တွေနဲ့ ဒုတိယအကြိမ် ဆွေးနွေးဖို့ အစိုးရဘက်က ကော်မတီရဲ့ရုံးအဖွဲ့ဝင် ဦးမိုးဇော်ဦး ခေါင်းဆောင်တဲ့အဖွဲ့ကိုပဲ စေလွတ်မယ်လို့ အကြောင်းကြားခဲ့ကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် က ပြောပါတယ်။

"ဒေါက်တာ တင်မျိုးဝင်း တို့ လာမယ်လို့တော့မဟုတ်ဘူး သူ့ရုံးအဖွဲ့ကလူတွေပဲ လာမယ်ဆိုတဲ့ သဘောပဲ၊ ကျနော် တို့ကို စာရေးတာလေ ဒေါက်တာ တင်မျိုးဝင်း တို့ကတော့ တခြားခရီးစဉ်နဲ့ တိုက်ဆိုင်နေလို့ မလာနိုင်ဘူးဆိုတဲ့ သဘောပဲ၊ ကိုယ်စားလှယ်လွှဲပြီး လွတ်မယ်ဆိုတဲ့သဘော ဖြစ်တယ် ဆိုတော့ ၂၀ ရက်နေ့ တွေ့ဖို့ ကမ်းလှမ်းပေ မယ့်လို့ ကျနော်တို့ဘက်က အချိန်မပေးနိုင်ဘူး ဖြစ်တယ်၊ နောက်သူတို့ကော်မတီကလည်း ဒေါက်တာ တင်မျိုးဝင်း တို့ဥက္ကဌ အတွင်းရေးမှူးတွေကလည်း တစ်ယောက်မှ မပါနိုင်တော့ ကျနော်တို့ ရက်ပြန်စဉ်းစားပေးဖို့ ပြန် အကြောင်းပြန်လိုက်တယ်ပေါ့နော် လူစုံတဲ့အခါကြမှပဲ ကောင်းကောင်းမွန်မွန် ပြင်ဆင်ပြီး ပြန်လာဖို့ပဲ ကျနော်တို့ အကြံပြုထားပါတယ်။ ကျနော်တို့ဘက်ကတော့ ငြင်းတာတော့ မဟုတ်ဘူး သူတို့ဘက်က လူမစုံဘူး"

အခုလို ရက်ရွှေ့ဖို့ DPN ခေါင်းဆောင်တွေက ပြောကြားတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ဒုတိယပင်လုံ ညီလာခံ ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကို ပြီးခဲ့တဲ့ နာရီပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ တစ်စုံတရာဖြေဆိုရန် မရှိပါဘူးလို့ RFA ကိုပြောကြားပါတယ်။