ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ရဲ့ နောက်ဆုံးအယူခံတင်မည်

ဝေမာထွန်း
2019.12.08
dr-ayemaung-waihinaung-622.jpg ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA နှင့် ဝေဟင်အောင် ဖေ့စ်ဘွတ်

ရခိုင်လက်နက်ကိုင်ကိစ္စ ဟောပြောခဲ့မှုကြောင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ တင်သွင်းထားတဲ့ နောက်ဆုံးအယူခံကို လက်ခံ သင့်၊ မသင့် လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှာ နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးဖို့ ရှိပါတယ်။

ရခိုင်နိုင်ငံရေးသမားလည်းဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ ရှေ့နေတွေက အထူးအယူခံဝင်ခွင့်ကို လက်ခံဖို့ နှစ်ပါးထိုင် တရားသူကြီးတွေထံ လျှောက်လွဲချက် ပေးမှာဖြစ်ပြီး အစိုးရရှေ့နေဘက်ကလည်း လျှောက်လွှဲချက်ပေးမှာပါ။

တရားသူကြီးတွေက ဆုံးဖြတ်ချက်ကို လက်ခံတယ် မခံဘူးဆိုတာကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ချက်ခြင်းချမှတ်မှာ မဟုတ်ပါဘူး။

နောက်ဆုံးအယူခံကို လက်ခံပြီး ကြားနာမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း စာရေးဆရာ ဝေဟင်အောင်ဘက် ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ ရခိုင်လက်နက်ကိုင် တော်လှန်ရေးကိစ္စကို ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို အစိုးရက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

၂၀၁၉ မတ်လ ၁၉ ရက်နေ့တော့ နိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ် အနှစ် ၂၀၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုအတွက် ထောင်ဒဏ် ၂ နှစ် အဲဒီအမှုနှစ်ခုကို တပေါင်းတည်း ခံစားခွင့်ပြုတဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ ကျခံဖို့ စစ်တွေခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။

ဒီလိုထောင်ဒဏ်ချမှတ်ခံရမှုအပေါ် ပြည်နယ်တရားလွှတ်တော်ထံ အယူခံတင်ခဲ့ပေမယ့် ပယ်ချခံရတဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ထပ်မံအယူခံတင်ထားခဲ့တာပါ။

အခု အထူးအယူခံကို လက်ခံလိုက်ပြီဆိုရင်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အစုံပါတဲ့ စုံညီခုံရုံးမှာ နှစ်ဖက်ရှေ့တွေက ထပ်မံလျှောက်လဲချက်ပေးရဦးမှာဖြစ်ပါတယ်။

ဦးစွာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နှစ်ပါးထိုင်တရားသူကြီးတွေထံ တင်ပြမယ့် လျှောက်လဲချက်မှာ ရာဇသတ်ကြီး ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး တင်ပြသွားဖို့ရှိတယ်လို့ ဒေါက်တာ အေးမောင်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။

ဒါ့အပြင် ပြင်ဆင်လိုက်တဲ့ သက်သေခံဥပဒေအရ တရားရုံးမှာ တင်သွင်းခဲ့တဲ့ သက်သေခံစစ်ချက်တွေ ဥပဒေနဲ့ ညီ၊ မညီပြန်စိစစ်ဖို့ တင်ပြဖို့ရှိပြီး ဟောပြောမှု တစ်ကြိမ်သာ လုပ်ခဲ့တာကို ပုဒ်မ ၂ ခုနဲ့ ပြစ်ဒဏ်ချထားတာဟာ တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ တင်ပြဖို့ရှိတယ်လို့လည်း ဦးအောင်ကျော်စိန်က ပြောပါတယ်။

ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ နှစ်ဦးဟာ လက်ရှိ ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်မှာ ဖြစ်ပြီး နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အယူခံတင်ထားဆဲဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ဟာ လက်ရှိမှာလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး ဝန်ထမ်းဥပဒေအရ လစာတစ်ဝက်ခံစားခွင့်လည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် နောက်ဆုံးအယူခံဟာ အရေးကြီးတယ်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁) ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံရမှုဟာ ဒေါက်တာ အေးမောင်တို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမှုနဲ့ ဆက်စပ်မှုတွေ ရှိနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA က ဖမ်းဆီး မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့ကို ဆန့်ကျင်တဲ့အတွက် ကန့်ကွက်ရှုတ်ချသလို အမြန်ဆုံးပြန်လွှတ်ပေးလိုတယ်လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒေါက်တာ အေးမောင်ရဲ့ သားဖြစ်သူ ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဖမ်းဆီးခံရတဲ့ အမှုနှစ်ခု အခြေခံအကြောင်းရင်း ကွာခြားမှုတွေ ရှိတယ်လို့ ပြောပါတယ်။

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးဝှေ့တင်း၊ ဒေါက်တာ အေးမောင်တို့အပြင် ဖမ်းဆီးခံ အရပ်သားတွေပါ အမြန်ဆုံးလွှတ်ပေးစေလိုတယ်လို့ ပြောကြပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၉ ဇွန်လဆန်းပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့နဲ့ ပတ်သက် တယ်ဆိုပြီး သံသယရှိသူ ၉၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူ ရှစ်ဦး၊ အမှုဖြစ်ပွားနေသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ ပြောဆိုထားပါတယ်။

AA က အခုလ ၁၁ ရက်နေ့က သူတို့ဖမ်းဆီးထားတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ရဲနဲ့ တပ်မတော်သား ၁၆ ဦး၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ရဲစခန်းက ဒုရဲအုပ် တစ်ဦး စုစုပေါင်း ၁၇ ဦးနဲ့ အစိုးရက AA အဖွဲ့နဲ့ ပတ်သက် တယ်ဆိုပြီး ဖမ်းထားတဲ့သူတွေကို လဲလှယ်ဖို့ ကြေညာချက်ထုတ်ခဲ့တာရှိပြီး အစိုးရဘက်က လက်မခံကြောင်း တုံ့ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။