မွန်ပြည်နယ်အစိုးရဟာ ဘတ်ဂျက်ကို စည်းမဲ့ကမ်းမဲ့ရေးဆွဲတာ မဟုတ်ကြောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲမှာ ကတိပေးခဲ့တဲ့မူဝါဒ၊ ကြေညာစာတမ်းအတိုင်း ရေးဆွဲတာဖြစ်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဒီနေ့ ပြောပါတယ်။
ပြည်နယ်ရဲ့ ၂၀၁၇-၂၀၁၈ ခုနှစ် ဖြည့်စွက်ဘတ်ဂျက်ကို လွှတ်တော်မှာ ဆွေးနွေးရာ မြို့နယ်တွေဖွံ့ဖြိုးရေးအတွက် ခွဲဝေတဲ့ဘတ်ဂျက် မညီမျှတာတွေကို ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးတဲ့အခါ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ရွေးကောက်ပွဲကြေညာစာတမ်းပါ မူဝါဒတွေအတိုင်း ရေးဆွဲတာဖြစ်ကြောင်းနဲ့ စာတမ်းကို ပြန်လေ့လာပြီးမှ ဆွေးနွေးကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို သတိပေးပြောကြားခဲ့တာဖြစ် ပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒအတိုင်းပဲ ကျနော်တို့ဆွဲခဲ့တာဖြစ်ပါတယ်၊ ကျနော်တို့ ၅ နှစ် လုံးလုံး လိုက်နာရမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို ကိုယ်စားလှယ်ကြီးများလည်း ပြန်လည်ပြီးတော့ လေ့လာပြီးတော့ဆွေးနွေးပါ"
အဲဒီဖြည့်စွက်ဘတ်ဂျက်မှာ မော်လမြိုင်မြို့နယ်အတွက် ကျပ်သန်း ၃၄၀၀ ခန့်၊ ရေးမြို့နယ်မှာ ၁၈၈၅ သန်းခန့်၊ ဘီးလင်းမြို့နယ်မှာ သန်း ၁၇၀၀ ခန့်၊ ကျိုက်ထိုမြို့နယ်မှာ သန်း ၁၂၀၀ ကျော်နဲ့ ပေါင်မြို့နယ်မှာ သန်း ၂၅၀ခန့် သုံးစွဲဖို့ လျာထားကြောင်းပါရှိပါတယ်။ အဲဒီလိုဘတ်ဂျက်ခွဲဝေမှုအပေါ် ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေး တာတွေ ရှိခဲ့ပါတယ်။
မွန်ပြည်နယ်အစိုးရဟာ ၂၀၁၇-၂၀၁၈ ခုနှစ် ဖြည့်စွက်ဘတ်ဂျက်အဖြစ် ငွေကျပ်သန်းပေါင်း တစ်သောင်း နှစ်ထောင်ကျော် တောင်းခံတာဖြစ်ပြီး ဒီနေ့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
အလားတူ ဒီနေ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းအမေးအဖြေပြုလုပ်တဲ့အချိန် တစ်နာရီကျော်ကြာသွားလို့ ဆိုပြီး မေးခွန်းမေးမြန်းမှုတွေကို ရပ်တန့်ဖို့ ဝန်ကြီးချုပ်နဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာဝန်ကြီးက ကန့်ကွက် တာကြောင့် အစီအစဉ်အရ မေးခွန်း ၇ခု မေးမြန်းရမယ့်အခြေအနေမှာ ၅ ခုသာ မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
အဲဒီလိုမေးခွန်းအမေးအဖြေ ကြန့်ကြာတာဟာ အစိုးရအဖွဲ့ဝန်ကြီးတွေ ဖြေကြားတာ တိကျမှုမရှိဘဲ ဝေ့ဝိုက်နေ တာကြောင့် ထပ်ဆင့်မေးခွန်းတွေ မေးမြန်းရတဲ့အတွက် ကြန့်ကြာတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပါတယ်။ ဒါ့အပြင် မေးခွန်းအမေးအဖြေအချိန် တစ်နာရီကျော်နေတယ်ဆိုပြီး ကန့်ကွက်သူရှိလာရင် လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းအရ ကိုယ်စားလှယ်တွေရဲ့ သဘောထား မေးမြန်းပြီး အစီအစဉ်အတိုင်း ဆက်သွား မလား မသွားဘူးလားဆိုတာကို မဲခွဲရမှာဖြစ်တယ်လို့လည်း ပြောကြပါတယ်။
ကိုယ်စားလှယ်တွေကို မေးမြန်းမှုမရှိဘဲ မေးခွန်းအမေး အဖြေအစီအစဉ်ကို လွှတ်တော်ဥက္ကဌက ရပ်တန့်လိုက် တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။
