၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအဝင် လေးဦးကို ထားဝယ်အကျဉ်းထောင်ပို့
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးကို ဒီနေ့ ထားဝယ်မြို့နယ် တရားရုံးမှာ ရမန်ယူပြီး ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
-
2019-03-11 -
-
-
Your browser doesn’t support HTML5 audio
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးကို ဒီနေ့ ထားဝယ်မြို့နယ် တရားရုံးမှာ ရမန်ယူပြီး ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက် ၄ချက် ရှိပါတယ်။
တင်ဒါခေါ်ယူခြင်းမရှိဘဲ ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းရာမှာ ကုမ္ပဏီတခုကို ကျပ်သိန်း ၄ထောင်နဲ့ လုပ်ပိုင်ခွင့် တိုက်ရိုက်ချပေးတာ၊ ပြည်ေထာင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်နဲ့မညီဘဲ လမ်းဦးစီးဌာနကို တစ်လုံးတစ်ခဲထဲ ငွေကျပ် ၁.၉ ဘီလီယံထုတ်ယူခွင့်ပေးတာ၊ အဲဒီလိုအခွင့်အရေးပေးပြီးနောက် သူမ ခင်ပွန်းနာမည်နဲ့ ဝယ်ယူထားတဲ့ ထားဝယ်က မြေကွက်ကို အုတ်ခြံစည်းရိုးကာရန်ခိုင်းတာ၊ GGS ကုမ္ပဏီကို ငွေကျပ်တန်ဖိုး သိန်း ၃၂၀ တန် သူမ မိသားစုပိုင်တဲ့နေအိမ်ကို ကာလတန်ဖိုးထက် ၆ဆ ပိုတဲ့ သိန်း ၂ထောင်နဲ့ ရောင်းချတာ၊ အဲဒီနောက် အကျိုးအမြတ် များတဲ့လုပ်ငန်းတွေကို GGS ကုမ္ပဏီထံ လုပ်ပိုင်ခွင့်ချပေးခဲ့တာတွေဖြစ်ပါတယ်။
အဲဒီလိုလုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုတွေရှိခဲ့ပြီး ဒေါက်တာလဲ့လဲ့မော်ဟာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ကာ တံစိုးလက်ဆောင်ရယူခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။
ကော်မရှင်ဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုဖွင့်ထားတာလို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။
လမ်းဦးစီးဌာနကို တစ်လုံးတစ်ခဲထဲ ငွေကျပ် ၁.၉ ဘီလီယံထုတ်ယူခွင့်ပေးတဲ့ကိစ္စနဲ့ ဆက်စပ်လို့ နောက်ပိုင်းအကျိုး အမြတ်ကို ဝန်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးနဲ့ မြိတ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့ ခွဲဝေယူတာ၊ မြိတ်မြို့မှာ ပိတ်သိမ်းခံရတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတစ်ခုက စက်ရုံပြန်ဖွင့်ခွင့်ရဖို့ ဝန်ကြီးချုပ်ရဲ့ ဘဏ်အကောင့်ထဲ ငွေလွှဲပေးရ တာတွေ ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒါပေမယ့် ငွေကျပ် ၁.၉ ဘီလီယံထုတ်ယူရာမှာ အကျိုးအမြတ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ မြိတ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို တို့ကို RFA က ၂ဝ၁၉ မတ်လ ၁၃ ရက်နေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းရာမှာတော့… ဒီကိစ္စမှာ သူတို့အနေနဲ့ လုံးဝ ပါဝင်မှုမရှိကြောင်း၊ ဒီကိစ္စတွေကို လမ်းဦးစီးဌာနကို ချပေးတာဖြစ်ကြောင်း ပြောပါတယ်။
ကုမ္ပဏီတစ်ခုက လုပ်ငန်းလုပ်ပိုင်ခွင့်ရဖို့အတွက် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း ဆောက်လုပ်လှူဒါန်းတာတွေလည်း ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
(မှတ်ချက်။ ။ ကနဦးသတင်းပေးပို့ချက်တွင် ဖော်ပြထားသည့်… “လမ်းဦးစီးဌာနကို ငွေကျပ် ၁.၉ ဘီလီယံ ထုတ်ယူခွင့်ပေးသည့်ကိစ္စတွင် နောက်ပိုင်းအကျိုးအမြတ်ကို ဝန်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးနှင့် မြိတ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့ ခွဲဝေယူသည်” ဆိုသည့်စွပ်စွဲချက်နှင့် ပတ်သက်၍ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် မြိတ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုတို့ လုံးဝပါဝင်မှု မရှိကြောင်း ငြင်းဆိုချက်ကို ဖြည့်စွက်ထားပါသည်။)