ဗိုလ်ချုပ်ရုပ်တုရွှေ့ပေးဖို့ တောင်းဆိုချက် လိုက်လျောဖို့ခက်ကြောင်း NLD ပြော
ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာကနေ ရွှေ့ဆိုင်းတာဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါတယ်လို့ သံသယရှိတာကြောင့် လိုက်လျောဖို့ ခဲယဉ်းတယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က RFA ကို ပြောပါတယ်။
-
2019-02-13 -

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ ကန့်ကွက်ဆန္ဒပြသူတွေနဲ့ပတ်သက်လို့ အာဏာရပါတီ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ရဲ့ သဘောထားကို RFA က မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ ကန့်ကွက်ဆန္ဒပြသူတွေကို မနေ့က ရဲတပ်ဖွဲ့က ရာဘာကျည် အသုံးပြုပြီး ပစ်ခတ်ဖြိုခွဲခဲ့တာနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒီဆန္ဒပြပွဲတွေဟာ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါဝင်နေတာကြောင့် အုပ်ချုပ်ရေး တာဝန်ရှိသူတွေအနေနဲ့ အင်အားအလွန်အကျွံမသုံးဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ဗိုလ်ချုပ်ကြေးရုပ်တုကို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာကနေ ဖယ်ရှားပေးဖို့၊ ဒီရုပ်တုကိစ္စနဲ့ပတ်သက်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီး ဦးမော်မော်တို့ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
မနေ့က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူတွေထဲက ၂၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။