တာဝန်ကနေ ရပ်စဲခံရတာ တရား မျှတမှုမရှိကြောင်း ဒေါက်တာ ထွန်းဝင်း ပြော

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်ကနေ ရပ်စဲကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒေါက်တာထွန်းဝင်းက သူ့ကိုအခုလို တာဝန်ကနေရပ်စဲလိုက်တာဟာ တရားမျှတမှုမရှိကြောင်း ဒီနေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅(ဂ) ပုဒ်မခွဲငယ်(၁) အရ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်ကနေ ရပ်စဲလိုက်တာလို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒီပုဒ်မအရ နိုင်ငံတော်သမ္မတဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်တဲ့ ပြည်ထောင်စုဝန်ကြီး ဒါမှမဟုတ် ဒုတိယဝန်ကြီး တစ်ဦးဦးကို ရာထူးကနေ နှုတ်ထွက်ဖို့ ညွှန်ကြားနိုင်ကြောင်း၊ ညွှန်ကြားချက်ကို မလိုက်နာရင် တာဝန်ကနေ ရပ်စဲနိုင်သည်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူနဲ့ အဆင်မပြေဖြစ်ခဲ့တယ်လို့လည်း ဒေါက်တာထွန်းဝင်းက ပြောပါတယ်။ ဆည်တွေမှာ ငါးမွေးဖို့ကိစ္စ၊ မိုးစပါးစိုက်ရင် ဆည်ရေပေးဖို့နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ရေတင်စိုက်ပျိုးနိုင်ဖို့ ကိစ္စသုံးရပ်မှာ ဝန်ကြီး ဒေါက်တာအောင်သူနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် စကားများကြတာလို့ ဒေါက်တာ ထွန်းဝင်း က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတစ်ဦးကို ပထမဆုံးအကြိမ် တာဝန်ကနေ ရပ်နားလိုက်တာဖြစ်ပါတယ်။

ဒေါက်တာထွန်းဝင်းကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ဒုတိယဝန်ကြီးအဖြစ် စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး ဒုတိယဝန်ကြီး တာဝန်ကို ၅ လကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာထွန်းဝင်းဟာ ရေဆင်းတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သလို ဖိလစ်ပိုင်နိုင်ငံကနေ စိုက်ပျိုးရေးဆိုင်ရာ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ စိုက်ပျိုးရေးဌာနမှာ အကြံပေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ် ပါတယ်။