ဖက်ဒရယ် ပြည်ထောင်စုဖြစ်ရေး အစိုးရ၊ ပြည်သူနဲ့ လက်နက်ကိုင် အဖွဲ့တွေမှာ တာဝန်ရှိကြောင်း ဒေါက်တာဇော်မြင့်မောင်ပြော

2019-04-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်
Photo: RFA

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာဖို့အတွက် အစိုးရနဲ့ ပြည်သူလူထုအားလုံးမှာ တာဝန်ရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မြို့တော်မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားမှာ ဒေါက်တာ ဇော်မြင့်မောင်က ပြောလိုက်တာဖြစ်ပါတယ်။

နိုင်ငံတွင်း ငြိမ်းချမ်းရေးရဖို့၊ စီးပွားရေးကောင်းမွန်ပြီး နိုင်ငံသားတိုင်း လူနေမှုအဆင့်အတန်း မြင့်မားလာစေဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးဟာ အားလုံးအတွက် သမိုင်းပေးတာဝန်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လာမယ့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှစ် ဖြစ်လာစေဖို့အတွက် မေတ္တာစေတနာ ရှေ့တန်းတင်ပြီး အပြန်အလှန် လေးစားမှုနဲ့ တစ်ဦးအကျိုးကို တစ်ဦး ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လည်း ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား အားလုံးချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိလာစေဖို့အတွက် မန္တလေးတိုင်းဒေသကြီးမှာ ဒီနှစ်ကျင်းပတဲ့ သြင်္ကန်ပွဲမှာ တိုင်းရင်းသား ၁၈  ဖွဲ့ကို ဖိတ်ခေါ်ပြီး တိုင်းရင်းသားသွေးချင်းများ စုပေါင်း မဟာသြင်္ကန်ပွဲတော်ကို ထည့်သွင်းကျင်းပခဲ့တယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

ဆိုက်တခုလုံးသို့