ရေတာရှည်မှာ ဒရုန်းဗုံးကြောင့် သုံးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရ

RFA Burmese
2024.09.10
ရေတာရှည်မှာ ဒရုန်းဗုံးကြောင့် သုံးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရ ရေတာရှည်မြို့နယ် ကဲလင်းဆိပ်ရွာကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့က စစ်ကောင်စီ ဒရုန်းဗုံး ကြဲချပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်။
Yedashe Township Information

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကဲလင်းဆိပ်ရွာကို စက်တင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ အရပ်သားသုံးဦး သေဆုံးပြီး ကလေးသုံးဦး အပါအဝင် နောက်ထပ်ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကဲလင်းဆိပ်ရွာ စာသင်ကျောင်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကဲလင်းဆိပ်က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ပစ်တာ။ ဘုန်းကြီးကျောင်းတော့ မထိခဲ့ဘူး။။ စာသင်ကျောင်းကို ထိတယ်။ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး တစ်ယောက် သေသွားတယ်။ အိမ်မှာ နေတဲ့သူတွေ ထိတယ်။ ကျွဲ၊ နွားတွေ လန့်တဲ့အချိန်မှာ ထိကြတာလည်းရှိတယ်။ မိန်းလမ်းဘေးကို ကျတာ။ ဒဏ်ရာရတာတွေက အရမ်းများတယ်။ ခေါင်းမှန်တာတွေရော။ ခြေဖြတ်ရတာတွေရာ။ လက်ရှိ ကယ်ရီ သမားတွေရော၊ ကလေးတွေရော ဆေးရုံတင်ထားရတယ်။ ကလေးတွေဆိုရင် တင်ပါးမှာ မှန်တာတို့ အများကြီးပဲ။ အခုထက်ထိ သတိမလည်တာတွေလည်း ရှိတယ်”

ဒဏ်ရာရသူတွေထဲမှာ အသက် ၂ နှစ်၊ ၉ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးသုံးဦးပါဝင်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် နေပြည်တော်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ဆယ်ဦးထဲမှာ လေးဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းဒေသကြီးပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦး ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်က ရွာတွေထဲကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ကဲလင်းဆိပ်ရွာနဲ့ အနီးတစ်၀ိုက်ရွာတွေက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းကလည်း ရေတာရှည်မြို့နယ်က ရွာသုံးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံ လေးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။