လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးပမ်းခဲ့သူတွေကို ရုံးထုတ်


2017.11.16
aungnaingsoe-622.jpg ထောင်ဒဏ် နှစ်လ ချမှတ်ခံရတဲ့ စကားပြန် ကိုအောင်နိုင်စိုး ကို နိုဝင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်
.

နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်အဆောက်အအုံကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်း တင်ဖို့ ကြိုးစားတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်နဲ့ ယာဉ်မောင်းတို့ကို နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် တရားရုံးမျာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

လေယာဉ်ဥပဒေထဲမှာ ဒရုန်း တင်သွင်းတဲ့အတွက် အရေးယူပြီးသားဖြစ်တာကြောင့် နောက်ထပ် သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ အရေးယူဖို့မလိုတဲ့အကြောင်း ဖမ်းဆီးခံထားရသူတွေဖက်က လျှောက်လဲခဲ့ပြီး လာမယ့် တနင်္လာနေ့မှာတော့ ထပ်ပြီးလျှောက်လဲချက်တင်ရမယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

"လေယာဉ်ဥပဒေနဲ့ အမိန့်ချတာ ၂ လ။ အဲဒီဥပဒေနဲ့ အမိန့်ချတဲ့အထဲမှာ အဲဒီပြစ်မှုထဲမှာ သူအမိန့်ကျတဲ့ ပုဒ်မ ၁၀ ဆိုတဲ့ သူရည်ညွှန်းတဲ့ပုဒ်မ ၅ အရဆိုလို့ရှိရင် Import ကိစ္စအတွက် အပြစ်ပေးပြီးသားဖြစ်တယ်။ နောက်တစ်ခါ အပြစ်ပေးဖို့အတွက် အခုအမှုကို ဆွဲဖို့မလိုဘူးပေါ့။ အခု သွင်းကုန်ထုတ်ကုန် အက်ဥပဒေပုဒ်မ ၈ နဲ့စွဲတာဟာ အပြစ်ပေးပြီးသားပြစ်မှုကို ထပ်ပြီးတော့ နောက်တစ်ခါထပ်စွဲတာ။ တနင်္လာနေ့ကို ထပ်ချိန်းလိုက်ပါတယ်။ တနင်္လာနေ့ဆိုရင် ဒီအမှုကို ချေဖျက်သင့် မသင့်ပေါ့လေ။ နှုတ်နဲ့ရော စာနဲ့ရော တဖက်က ဥပဒေအရာရှိက စာနဲ့ရေးပြီးတော့ လျှောက်လွှဲချက်တင်မှာဖြစ်တယ်"

နိုင်ငံတကာမှာလည်း ကျင့်သုံးနေတဲ့ ဥပဒေမူအရ လူတစ်ယောက်ကို အပြစ်တစ်ခါပေးပြီးရင် ဒီအမှုနဲ့ပဲ ထပ်ပြီး တရားမစွဲရဘူးဆိုတဲ့ မူရှိတာကြောင့် သွင်းကုန်ဥပဒေနဲ့တရားစွဲဖို့ မလိုအပ်တဲ့အကြောင်း လျှောက်လဲချက်ပေးခဲ့ တာလို့ ပြောပါတယ်။

တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲ မလေးရှားနိုင်ငံသူတစ်ယောက်၊ စင်ကာပူနိုင်ငံသား တစ်ယောက်၊ မြန်မာနိုင်ငံသားစကားပြန် ဦးအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ဦးလှတင်တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့က နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာန ရုံးနားမှာ ဒရုန်းလွှတ်တင်နေစဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ ၁၉၃၄ခုနှစ် လေယာဉ်ပျံသန်းမှုဥပဒေအရ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။

သူတို့ကို နေပြည်တော်ကောင်စီ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ စစ်ဆေးတာဖြစ်ပြီး ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။