မန္တလေးမှာ မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိ

2016-03-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျပ်ငွေ ၃၆ ဘီလျံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေ၊ ဘိန်းဖြူတွေကို မတ်လ ၅ ရက်နေ့က မန္တလေးမြို့ပေါ်မှာ ဖမ်းမိခဲ့စဉ်
ကျပ်ငွေ ၃၆ ဘီလျံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေ၊ ဘိန်းဖြူတွေကို မတ်လ ၅ ရက်နေ့က မန္တလေးမြို့ပေါ်မှာ ဖမ်းမိခဲ့စဉ်
Photo: မန္တလေး ရဲတပ်ဖွဲ့

ကျပ်ငွေ ၃၆ ဘီလျံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေ၊ ဘိန်းဖြူတွေနဲ့ အတူ မနေ့က မန္တလေးမြို့ပေါ်မှာ ဖမ်းမိခဲ့တဲ့ ကိုကျော်သူမင်း အပါအဝင် ၃ ဦးတို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောပုဒ်မ ၁၅ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ဒီကနေ့ တရားစွဲလိုက်ပြီဖြစ်ပါတယ်။

မန္တလေးမြို့ အမှတ် ၁၈ မူးယစ်တပ်ဖွဲ့စုက ရဲအုပ် ထန်းနိန်က တရားလိုလုပ်ပြီး တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

မနေ့က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် အမှတ် ၉/၁၈ နေအိမ်ထဲက ကွန်တိန်နာထဲမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ စစ်ဆေးတွေ့ရှိဖမ်းဆီးရ မိခဲ့တာဖြစ်တယ် လို့ မန္တလေးတိုင်းဒေသကြီး မူးယစ်အထူးတပ်ဖွဲ့က ဒုတိယရဲမှူးကြီး မြင့်အောင်က ပြောပါတယ်။

"၃၆. ၉၅၃ ဘီလီယံလောက်ရှိပါတယ်၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု ၁ ရပ်ကွက်၊ ဇ ရပ်၊ စံပြလမ်းနဲ့ မင်္ဂလာလမ်းကြား၊ အမှတ်က နန ၉/ ၁၈ ပါဗျ၊ ကွန်တိန်နာက အိမ်ထဲမှာထားထားတာ၊ သယ်တာက မော်တော်ကားတွေနဲ့ အခေါက်ခေါက်အခါခါ သယ်တာပေါ့နော်၊ မော်တော်ကားတစ်စီးမှာ ကျနော်တို့ စစ်ဆေးလို့ရတာကတော့ တစ်ကြိမ်သယ်ရင် တစ်ထုတ်ပါလိုက်၊ နှစ်ထုပ်ပါလိုက်နဲ့ စုထားပြီးမှ ကွန်တိန်နာနဲ့ ထည့်ထားရင်းရတာပါ၊ ကွန်တိန်နာကြီးနဲ့ တစ်လုံးဆိုတာမဟုတ်ပါဘူး"

အခု ဖမ်းဆီးရမိပြီး တရားစွဲခံထားရသူတွေကတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၃ ဦးတို့ဖြစ်ကြပြီး အဓိက လက်သည်ဖြစ်တဲ့ ဦးလျိုဇီရှောင်မှာ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဦးလျိုဇီရှောင်ဟာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ဇာတိဖြစ်ပြီး အခုဖမ်းဆီးတရားစွဲ ခံထားသူ ၃ ဦးဟာ ကျောက်မဲမြို့မှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ ရဲမှတ်တမ်းတွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရန်ကုန်မြို့ မင်္ဂလာဒုံစက်မှုဇုန်မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး အမှုတွေနဲ့ စပ်ဆက်မှုရှိတယ်လို့ ဒုတိယရဲမှူးကြီးမြင့်အောင် က ပြောပါတယ်။

အခုလိုဖမ်းဆီးရမိခဲ့တဲ့နောက်ပိုင်း အဓိကတရားခံနဲ့အတူ တရားမဝင်ငွေကြေးစိစစ်တာ မျိုးတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒီတစ်ကြိမ်မန္တလေးမြို့မှာ မူးယစ်ဆေးဝါးတွေဖမ်းမိတာဟာ ပမာဏအများဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး မူးယစ်အထူးတပ်ဖွဲ့က ဒုတိယရဲမှူးကြီး မြင့်အောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့