မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့မှာ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃သောင်းနီးပါးရှိတဲ့ မူးယစ်ဆေးဝါး တွေကို စစ်ကိုင်းတိုင်းရဲတပ်ဖဲ့ွနဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့တို့ မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ကိုင်းမြို့အဝင် တိုးဂိတ်မှာ မူးယစ်ဆေးဝါးတမျိုးဖြစ်တဲ့ အက်ဖီဒရင်းဆေးမှုန့် အထုပ် ၁၄ ထုပ်ကို ဖမ်းမိရာကနေ အမှုကွင်းဆက်ဖြစ်တဲ့ မန္တလေးမြို့က နေအိမ် ၂ လုံးမှာ ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဉာဏ်သောင်း က ပြောပါတယ်။
“ကျနော်တို့ တိုးဂိတ်မှာ စစ်ဆေးတဲ့အချိန်မှာ ကလေးမြို့ကနေဆင်းလာတဲ့ မတ်တူးကားလေးကို ရှာလိုက်တယ်၊ အဲ့ဒီမှာ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုသောဆေးမှုန့် ၆၁ ကီလိုကို ဖမ်းဆီးးရမိတယ်ပေါ့၊ အထုပ်ပေါင်း ၁၄ ထုပ်ပေ့ါ၊ ကာလတန်ဖိုးက အားလုံး သိန်း ၃၀၇၅ သိန်းပေါ့၊ ကျနော်တို့ထပ်ပြီးတော့မှ စစ်ကြောတဲ့အခါ မန္တလေးမှာ ထပ်ပြီးတော့မိတယ်၊ ကာလပေါက်ဈေးနဲ့ တွက်လိုက်ရင် သိန်းပေါင်း ၂၆၁၇၅ သိန်းပေ့ါ”
စစ်ကိုင်းမြို့အဝင် ကံတလူတိုးဂိတ်မှာ ကလေးမြို့ကနေလာတဲ့ ကားတစ်စီးပေါ်ကနေ ကျပ်သိန်း ၄ ထောင်နီးပါးတန်ဖိုးရှိတဲ့ အက်ဖီဒရင်းအမှုန့်တွေကို စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ တာဖြစ်ပါတယ်။
အဲဒီအမှုနဲ့ဆက်စပ်ပြီး မန္တလေးမြို့ အောင်မြေသာစံနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက နေအိမ်နှစ်လုံးမှာ ရှာဖွေ စစ်ဆေးရာ အလားတူ အက်ဖီဒရင်းဆေးမှုန့် ၅၀၀ ကီလိုဂရမ်နဲ့ ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၂ သိန်း နီးပါးကို ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဦးဉာဏ်သောင်း က ပြောပါတယ်။
အဲဒီအမှုနဲ့ပတ်သက်သူ ၈ ဦးကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ် ရဲစခန်းတွေမှာ မူးယစ်ဆေးဝါး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထားပါတယ်။
