မြိတ်မှာ စိတ်ကြွဆေး တန်ဖိုး အများဆုံး ဖမ်းမိ


2015.11.22

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက WY တံဆိပ် စိတ်ကြွ ဆေးပြားတွေအပါအဝင် မူးယစ် ဆေး ကျပ်သိန်းပေါင်း ၅ သောင်းကျော်ဖိုး တွေ့ရှိမှုကြောင့် အဲဒီအမှုနဲ့ ဆက်စပ်သူ ၅ ဦးတို့ကို ဖမ်းဆီးရမိထား ပြီဖြစ်တယ်လို့ မြိတ်မြို့မရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်ထိ ၅ ဦးဖမ်းဆီးရမိထားပြီဖြစ်ပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ မြိတ်မြို့မ ရဲ စခန်းက အမည်မဖေါ်လို တဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဖမ်းတော့ဖမ်းတယ်၊ ဖမ်းလို့ရတာတွေ အကုန်လိုက်ဖမ်းနေတယ်၊ လောလောဆယ် အားလုံး ၅ ယောက်ဖမ်းတယ်၊ မြိတ်မြို့နယ်ကလည်းပါတယ်၊ တခြားမြို့နယ် ကလည်းပါတယ်၊ မြို့ပေါ်မှာမဟုတ်ပါဘူး၊ ပင်လယ်ပြင်မီးပြတိုက်နဲ့ တစ်မိုင် လောက်အကွာအဝေးမှာ သောင်တင်နေတဲ့စက်လှေတွေဖမ်းတာပါ"

မြိတ်မြို့ပင်လယ်ပြင် မီးပြတိုက်နဲ့ တစ်မိုင်လောက်ဝေးတဲ့နေရာမှာ သောင်တင်နေတဲ့ စက်လှေတစ်စီးကို တပ်မ တော်ရေတပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်း ပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီစက်လှေပေါ်မှာ WY တံဆိပ်ပါ စိတ်ကြွဆေးပြားတွေ၊ ဘိန်းစာမှုန့် ၃ဝ ဂရမ်တစ်ထုပ်နဲ့ Methamphetamine အထုပ် ၁၄ဝ ကျော်ကို ဖမ်းမိခဲ့တာဖြစ် ပါတယ်။

အဲဒီစက်လှေဟာ မြိတ်မြို့ကနေ မလေးရှားနိုင်ငံကိုသွားမယ့် စက်လှေဖြစ်တယ် လို့လည်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ Meth တစ်ထုပ်စာ တစ်ကီလိုကို ဒေသပေါက်ဈေး သိန်း ၄ဝဝ လောက်ရှိပြီး အထုပ် ၁၄ဝ ကျော် ရှိတဲ့အတွက် ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၅ သောင်း ၆ ထောင် ကျော်ရှိပြီး မြိတ်မြို့မှာ ဖမ်းဆီးရမိတာတွေ ထဲက ဒီတစ်ခေါက် ဖမ်းဆီးရမိတာဟာ ပမာဏအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။