ကျပ်သိန်း ၂၀၀ ဖိုး မူးယစ်ဆေးများ တာချီလိတ်မြို့အထွက်မှာ ဖမ်းမိ

ထိုင်းမြန်မာနယ်စပ်အနီး ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျပ်ငွေ သိန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး သုံးမျိုးကို တရားခံတွေနဲ့အတူ မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က မေလ ၃ ရက် အင်္ဂါနေ့ က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အထွက်မှာ မေလ ၃ ရက်နေ့က ဖမ်းဆီးရမိတဲ့ ကျပ်သိန်းပေါင်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ် Photo: Aung Moe Myint/RFA

ထိုင်းမြန်မာနယ်စပ်အနီး  ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျပ်ငွေ သိန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးသုံးမျိုးကို တရားခံတွေနဲ့အတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က မေလ ၃ ရက် အင်္ဂါနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့အထွက်က ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်နဲ့ မယ်ယန်း စစ်ဆေးရေးဂိတ်တွေမှာ ရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် အောင်ကျော်စိုး က အတည်ပြု ပြောပါတယ်။

"မနေ့က အဲ့ဒီ လွယ်တော်ခမ်းဂိတ်မှာပေါ့ ဒီ ဂျောပဘက်ကနေပြီးတော့ ဆိုင်ကယ်တစ်စီး မောင်းလာလို့ စစ်ဆေးရေးဂိတ်မှာ ရှာလိုက်တာပေါ့နော်၊ ရှာလိုက်တဲ့အခါမှာ ဆိုင်ကယ်ထဲမှာ ဝှက်ပြီးတော့ သယ်လာ တာပေါ့၊  ဘိန်းစိမ်းက သုံးကီလိုပါတယ်၊ နောက်ဆေးပြားက ခြောက်ထောင့်လေးရာပါတယ်၊ ဘိန်းဖြူ က နှစ်ဆယ်ဂရမ် ပါတယ်၊ စုစုပေါင်းတန်ဖိုးကတော့ ကျပ်သိန်းနှစ်ရာကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး ဝါးတွေနဲ့ တရားခံတစ်ယောက် ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးရမိတာပေါ့၊  မယ်ယန်း စစ်ဆေးရေးဂိတ် မှာတော့ ကားမောင်းသမားပေါ့၊ တောင်ကြီးနဲ့ တာချီလိတ်နဲ့ ပြေးဆွဲနေတဲ့ ကားမောင်းသမား ကို ဆေးပြား နှစ်ဆယ့်သုံးပြား မိတာပေါ့နော်၊ မနေ့က ဒါဖြစ်စဉ်က နှစ်ခုရှိတယ်"

လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်မှာ ဘိန်းစိမ်း၊ စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိသူကတော့ အသက် ၂၄ နှစ်အရွယ် အားမူ ဆိုသူဖြစ်ပြီး ဂျောပ(အောက်)ကျေးရွာ ဖက်ကနေ တာချီလိတ်မြို့ထဲကို ဆိုင်ကယ် နဲ့ မောင်းနင်လာစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

မယ်ယန်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့သူကတော့ အသက် ၃၅ နှစ်အရွယ် စိုင်းမင်းဇံ ဆိုသူဖြစ်တယ်လို့သိရပြီး ဖမ်းဆီးရမိတဲ့ တရားခံနှစ်ယောက်လုံးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေပုဒ်မတွေနဲ့ တာချီလိတ် မြို့မရဲစခန်းမှာ အရေးယူထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့တုန်းကလည်း တာချီလိတ်မြို့အနီး ဝှေလေလန် စစ်ဆေးရေးဂိတ်မှာ ကျပ်ငွေ သိန်းပေါင်းသုံးထောင်ငါးရာကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ တရားခံသုံးဦးကို ဖမ်းဆီးရမိ ခဲ့ပါသေးတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org