ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (Defence Services Technological Academy) ကို ဒီကနေ့မနက် ၅ နာရီ မိနစ် ၃ဝ လောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူတစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
-
2019-08-15 -
-
-
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (Defence Services Technological Academy) ကို ဒီကနေ့မနက် ၅ နာရီ မိနစ် ၃ဝ လောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ လက်နက်ကြီး ခုနှစ်လုံးလောက်အထိ ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။
နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးဖြစ်သူကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ကနဦးသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းရရှိတဲ့သတင်းရင်းမြစ်တွေအရ တိုက်ခိုက်မှုဟာ ကျောင်းတွင်း အဆောင်နေရာအများစုကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် အရပ်သား ထမင်းချက်တစ်ဦး သေဆုံးပြီး ကျောင်းအုပ်ကြီးရဲ့ ကိုယ်ရေးအရာရှိနဲ့ ဇနီးဖြစ်သူတို့ ဒဏ်ရာရရှိပြီး ဆေးရုံကို ပို့ဆောင် ကုသထားရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက RFA ကို အတည်ပြုပြောကြားပါတယ်။ ဒါ့အပြင် တက္ကသိုလ်အတွင်းက လူနေဆောင် ခေါင်မိုးတွေ အများအပြားပျက်စီးခဲ့သလို မော်တော်ယာဉ်တွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
ပစ်ခတ်သူလက်နက်ကိုင်တွေရဲ့နောက်ကို တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှာဖွေ ရှင်းလင်းနေပြီး၊ နောင်ချို-ဂုတ်တွင်း ဂိတ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်နဲ့နီးစပ်သူတချို့ရဲ့ လူမှုရေးစာမျက်နှာ ရေးသားချက်တွေအရ သိရပါတယ်။
အခုလို တိုက်ခိုက်တာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် TNLA တအာင်းလွတ်မြောက်ရေးတပ်မတော် လက်ချက်ဖြစ်တယ်လို့ တပ်မတော်နဲ့ နီးစပ်သူတွေက စွပ်စွဲပြောဆိုနေကြပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ မျက်မြင်သက်သေတွေရဲ့ အတည်ပြုချက်တွေရရှိဖို့အတွက် RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။