စစ်တပ်ကဖမ်းထားတဲ့ အိန္ဒြာကျော်ဇင် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင်ထူးချွန်ဆုရ

2021.09.20
စစ်တပ်ကဖမ်းထားတဲ့ အိန္ဒြာကျော်ဇင် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင်ထူးချွန်ဆုရ "what happened to the wolf?" ရုပ်ရှင်ဇာတ်ကားက ဇာတ်ဝင်ခန်းတစ်ခုကို တွေ့ရစဉ်
Photo: www.hollywoodreporter.com

ဂျာမနီနိုင်ငံ Oldenburg မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော် (Oldenburg International Film Festival) မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က "what happened to the wolf?" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဆု (Seymour Cassel Award for Best Performance) ရရှိခဲ့ပါတယ်။

ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ "what happened to the wolf?" ရုပ်ရှင်ဇာတ်ကားနဲ့ အဓိက သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ အကယ်ဒမီ ပိုင်ဖြိုးသု တို့က နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဇကာတင်စာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

"သရုပ်ဆောင်ဆိုတာ တန်ပြန် သရုပ်ဆောင်ခြင်းပါပဲ၊ ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ဦးရဲ့ စွမ်းဆောင်ရည်ကို ခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ အထိပါပဲ၊ ဒီ အဓိက သရုပ်ဆောင် နှစ်ဦးဟာ ကျွန်မတို့ကို ရှုပ်ထွေးဆန်းပြားလှတဲ့ ဘဝရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတစ်ခုအဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်၊ ပရိတ်သတ်ကို မှင်သက်ငေးမော၊ အသက်ရှူမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်" လို့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ အကြံပေးဘုတ်အဖွဲ့ဝင် ဆုရမင်းသမီး Deborah Kara Unger က ပြောဆိုခဲ့ကြောင်း "what happened to the wolf?" အဖွဲ့က လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ကမ္ဘာကျော် သရုပ်ဆောင်တွေကလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ အိန္ဒြာကျော်ဇင် နာမည်စာတန်းပါ တီရှပ်အင်္ကျီတွေ ဝတ်ဆင်လာပြီး အားပေးစကား ပြောခဲ့ပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ ဏကြီးရဲ့ဇနီး အကယ်ဒမီ ပိုင်ဖြိုးသု၊ အကယ်ဒမီ လွင်မိုးနဲ့ သရုပ်ဆောင် အောင်မြင့်မြတ် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်နဲ့ အမျိုးသားဖြစ်သူ သရုပ်ဆောင် ပြေတီဦး တို့ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီး တပ်မတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသလို သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ အောင်မြင့်မြတ်တို့လည်း ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ခံထားရတာကြောင့် ရှောင်တိမ်းနေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။