ပညာရေး ဝန်ကြီးနဲ့ နကသ ကျောင်းသားများ တွေ့ဆုံ

အဆင့်မြင့်ပညာရေး ဥပဒေထဲ မှာ ကျောင်းသား သမဂ္ဂတွေ ပါဝင်ရေး ဆွဲခွင့်နဲ့ တက္ကသိုလ်တစ်ခုချင်း စီရဲ့ ပဋိဥာဉ်တွေရေးဆွဲတဲ့အခါ ကျောင်းသား သမဂ္ဂတွေ ပါဝင် ခွင့်ရှိမယ်ဆိုတဲ့ ၂ ချက်ကို ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် နကသ အဖွဲ့ဝင်ကျောင်းသားတွေ သဘောတူညီခဲ့ကြ ပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် နကသ အဖွဲ့ဝင်ကျောင်းသားတွေကို မေလ ၂၉ ရက်နေ့က တွေ့ရစဉ်

အဆင့်မြင့်ပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂတွေ ပါဝင်ရေးဆွဲခွင့်နဲ့ တက္ကသိုလ်တစ်ခုချင်းစီရဲ့ ပဋိဥာဉ်တွေရေးဆွဲတဲ့အခါ ကျောင်းသားသမဂ္ဂတွေ ပါဝင်ခွင့်ရှိမယ်ဆိုတဲ့ ၂ ချက်ကို ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် နကသ အဖွဲ့ဝင်ကျောင်းသားတွေ သဘောတူညီခဲ့ကြ ပါတယ်။

ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာနမှာ တွေ့ဆုံခဲ့ရာမှာ သဘောတူညီမှုရရှိခဲ့တာလို့ နကသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဇေယျာလွင်က ပြောပါတယ်။

"အဆင့်မြင့်ပညာဥပဒေထဲမှာ ကျောင်းသားသမဂ္ဂတွေပါဝင်ရေးရဖို့နဲ့ တက္ကသိုလ်တစ်ခုချင်းစီမှာ ပဋိဥာဉ်တွေထဲမှာ ကျနော်တို့ ကျောင်းသားသမဂ္ဂတွေ ပါဝင်ရေးဆွဲခွင့်ရဖို့ ကျနော်တို့ ဝန်ကြီးဆီက ကျနော်တို့ အာမခံချက်ရပါတယ်၊ အစိုးရဘက်ကဆိုလို့ရှိရင် အဆင့်မြင့်ပညာဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ CESI မှာ ပါဝင်ရေးဆွဲခွင့်ရပါလိမ့်မယ်၊ ကျနော်တို့ ပါဝင်ဆွေးနွေးခွင့်ရပါလိမ့်မယ်၊ လွှတ်တော်မှာဆိုလို့ရှိရင် လွှတ်တော်ရဲ့ ပညာရေးမြှင့်တင်မှုကော်မတီအရ ကျနော်တို့ ဖိတ်ခေါ်ပြီး ပါဝင်ဆွေးနွေးမယ်လို့ ကျနော်တို့ ပြောခဲ့ပါတယ်၊ ဒီနေ့ လွှတ်တော်အမတ် ကိုဇေယျာသော် ပါဝင်ဆွေးနွေးခဲ့ပါတယ် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ပြီးတော့ တက္ကသိုလ်တစ်ခုချင်းမှာ ပဋိဥာဉ်နဲ့ပတ်သက်ပြီးတော့ ရေးဆွဲတဲ့အခါကျလို့ရှိရင်လည်း ကျနော်တို့ ကျောင်းသားတွေ ပါဝင်ရေးဆွဲခွင့်ရမယ်လို့ ဝန်ကြီးက ကျနော်တို့ကို အာမခံချက်ပေးတယ်"

လွှတ်တော်ရဲ့ ပညာရေးမြှင့်တင်ရေးကော်မတီမှာ နကသ အဖွဲ့ဝင်တွေ ဝင်ရောက်ဆွေးနွေးခွင့်နဲ့ ပညာရေးဝန်ကြီး ဌာနရဲ့ ရက် ၁ဝဝ စီမံကိန်းမှာ ပါဝင်ဖို့ကိုလည်း ဝန်ကြီးက ဖိတ်ခေါ်ထားတယ်လို့လည်း ပြောပါတယ်။

တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့စည်းခွင့်ရရေးကိစ္စကိုတော့ သဘောတူညီမှု မရသေးဘူးလို့ ပြောပါတယ်။

တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ပညာရေးဦးစီးဌာန တာဝန်ရှိသူတွေ နဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (န.က.သ) တို့ တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်သိင်္ခက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။