ချီးမြှင့်ငွေကျပ် သိန်း၂၁ဝဝ ကျော် ရွေးကောက် ပွဲကော်မရှင် စတင်ထုတ်ပေး

ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်နိုင်ငံလုံးက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချီးမြှင့်ငွေကျပ် သိန်းပေါင်း ၂၁ဝဝ ကျော် စတင်ထုတ်ပေးနေတယ်လို့ သိရပါတယ်။

တိုင်း/ပြည်နယ်၊ မြို့နယ်နဲ့ ခရိုင်တွေက ကော်မရှင် ဥက္ကဌတွေနဲ့ အဖွဲ့ဝင် တစ်ဦးကို ငွေကျပ် ၁ သိန်းစီနဲ့ ရပ်/ကျေးကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင် တစ်ဦးကို ကျပ် ၁ သောင်းခွဲစီ ထုတ်ပေးနေတာဖြစ်တယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်းက ပြောပါတယ်။

"ကျနော်တို့ တရားဝင်ခန့်ပေးထားတဲ့ ကော်မရှင် ပြည်နယ်ဥက္ကဌနဲ့ အဖွဲ့ဝင်ပေါ့နော်၊ ခရိုင်ဥက္ကဌနဲ့ အဖွဲ့ဝင်၊ မြို့နယ်ဥက္ကဌနဲ့ အဖွဲ့ဝင် အားလုံးအတွက်ကို တစ်ယောက်ကို ၁ သိန်းနှုန်း၊ နောက်တစ်ခါ ရပ်ကျေးကော် မရှင်ပေါ့နော် ဥက္ကဌနဲ့ သူ့အဖွဲ့ဝင်အားလုံးပေါ့နော် အဲ့ဒါကတော့ တစ်ယောက်အတွက် တစ်သောင်းခွဲစီ ပြီးခဲ့တဲ့လကတည်းက ထုတ်ပေးနေတယ်"

ချီးမြှင့်ငွေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရန်ပုံငွေထဲက ပေးအပ်တာဖြစ်ပြီး နေပြည်တော်ကောင် စီ ရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်း/ပြည်နယ် ၁၄ ခုက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ပေးအပ်တာဖြစ် တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအနှံ့ မြို့နယ် ၃၂၆ မြို့နယ်၊ ခရိုင် ၇၈ ခရိုင်၊ ရပ်ကွက် ၃ ထောင်ကျော်နဲ့ ကျေးရွာအုပ်စု တစ်သောင်းကျော်က အဖွဲ့ဝင်တွေကို ချီးမြှင့်ငွေနဲ့ ဂုဏ်ပြုလွှာတွေ ပေးအပ်တာဖြစ်ပါတယ်။

မြို့နယ်၊ ခရိုင်နဲ့ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေနဲ့ မြို့မိမြို့ဖတွေကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။