ရွေးကောက်ပွဲတာဝန်ရှိသူများနဲ့ ဆန္ဒပြပွဲပါဝင်သူ နိုင်ငံရေးပါတီဝင်တွေကို ဖမ်း

တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2021.02.11

စစ်တပ်က အာဏာသိမ်းပြီး ၁၁ ရက်မြောက်နေ့မှာပဲ တိုင်းနဲ့ပြည်နယ်တွေ၊ ခရိုင်နဲ့ မြို့နယ်အဆင့် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေကို တပ်မတော်က ဖမ်းဆီးနေပါတယ်။ အလားတူ ဆန္ဒပြပွဲ ဦးဆောင်သူတွေ တက်ကြွလှုပ်ရှားသူတချို့ကိုပါ ဖမ်းဆီးနေပါတယ်။

ဖမ်းဆီးခံရတဲ့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေထဲမှာ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ စတဲ့တိုင်းဒေသကြီးတွေနဲ့ ကချင်၊ ကရင်၊ ရှမ်း စတဲ့ပြည်နယ်တွေက တိုင်းအဆင့်မြို့နယ်အဆင့် ကော်မရှင် ဥက္ကဋ္ဌတွေ အတွင်းရေးမှူး စုစုပေါင်း ၃၄ ဦး ဖမ်းဆီးခံထားရတယ်လို့ RFA ကို ဒီနေ့မနက်ပိုင်းအထိ ဆက်သွယ် သတင်းပေးလာတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီနေ့မနက်အစောပိုင်းက တိုင်းနဲ့ပြည်နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ၊ ခရိုင်နဲ့မြို့နယ်အဆင့် ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို အာဏာသိမ်းအစိုးရက ဝင်ရောက်ဖမ်းဆီး ခဲ့ပါတယ်။

တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ် UEC ဥက္ကဋ္ဌ ဒေါ်တင်တင်ထွေးကို ညက လာခေါ်သွားတာဖြစ်ပြီး UEC ဥက္ကဋ္ဌတွေကို အကုန်ဖမ်းနေတာလို့ သိရကြောင်း ညီမဖြစ်သူ မသူဇာထွေးက RFA ကိုပြောပါတယ်။

"မနေ့ညက အိမ်မှာလာခေါ်သွားတယ်လို့ ပြောတယ်၊ သူ့ရဲ့ဆရာနဲ့ သူကို နေပြည်တော်ခေါ်သွားတယ်တဲ့၊ ညီမဝမ်းကွဲကလည်း ရွေးကောက်ပွဲကော်မရှင်ကပဲ သူက ရွာငံက၊ ရွာငံက တစ်ယောက်ကျတော့ ရပက ထဲမှာလို့ပြောတယ်၊ UEC က ကျမသူငယ်ချင်းအဖေကိုလည်း ဖမ်းသွားတယ်၊ သူကကျမြို့နယ်ဥက္ကဋ္ဌ၊ နမ့်ဆန်က၊ မနေ့ညက UECတွေ အကုန်ဆွဲတယ်ထင်တယ်"

ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ကို မနေ့ည ၁၂ နာရီလောက်က လာရောက်ခေါ်သွားပြီး ကော်မရှင်အဖွဲ့အကုန်လုံးကို ခေါ်သွားတယ်လို့ သိရကြောင်း သားဖြစ်သူ ကိုဗညားက RFA ကို ပြောပါတယ်။

"ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့် ကျနော့်အဖေကို မနေ့ညက ၁၂ နာရီဝန်းကျင် လောက်က လာခေါ်သွားတယ်ခင်ဗျ၊ အကြောင်းပြချက်ရယ်တော့မသိဘူး၊ ကျနော်ကလည်း ရန်ကုန် မှာနေတယ်ဆိုတော့လေ၊ ပြည်မှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ပဲထားတာ၊ အဲကောင်လေးဖုန်းလှမ်း ဆက်လို့ သိတာ၊ ည ၁၂ နာရီလောက်က ဝန်ထမ်းတွေရော ခရိုင်ကော်မရှင်၊ မြို့နယ်ကော်မရှင် အကုန် ဖမ်းသွားတယ်ပြောတယ်"

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ကျောက်မဲမြို့နယ် ဥက္ကဋ္ဌ ဦးစိုးထွန်းကို မနက် ၂ နာရီက နေအိမ်မှာရှိနေချိန် လာရောက်ဖမ်းဆီးသွားခဲ့ပြီး အခုထိ အဆက်အသွယ်မရဘူးလို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မနက် ၁၀ နာရီလောက်မှာ ဒီလိုလာရောက်ဖမ်းဆီးတာရှိခဲ့ပြီး နေ့ခင်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးသွားသူတွေကို နီးစပ်ရာ တပ်စခန်းတွေကို ခေါ်သွားကြတာလို့သိရပြီး တချို့ကိုလည်း ဘယ်ခေါ်သွား တယ်ဆိုတာ မသိရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဧရာဝတီတိုင်း မအူပင်ခရိုင်မှာတော့ ကော်မရှင်အဖွဲ့ဝင်တွေကို ဖမ်းဆီးတာမျိုးမဟုတ်ဘဲ တပ်မတော်က ပူးပေါင်းဆောင်ရွက်ပေးပါဆိုလို့ တာဝန်ရှိသူတွေနဲ့တွေဖို့ တပ်ထဲရောက်လာတယ်လို့ မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။

"တပ်မတော်ကနေ မဲစာရင်းလေးတွေ ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆိုတဲ့သဘောလေးပါပဲ၊ ကိုယ့်အစီစဉ်နဲ့ ကိုယ်လာရတာပါ၊ ခလရ ၂၇ ထဲမှာပဲ ကျနော်တို့တွေ၊ ဖမ်းဆီးတယ်လို့ မဟုတ်ပါဘူး၊ ကိုယ်အစီစဉ်နဲ့ ကိုယ်လာပါဆိုလို့ ကျနော်ရယ် အတွင်းရေးမှူးရယ် မြို့နယ်ဥက္ကဋ္ဌရယ် အတွင်းရေးမှူးရယ် လေးယောက်လာကြတာ၊ ကျနော်တို့တိုင်းက ညွှန်ကြားချက်ပေ့ါ၊ ပူးပေါင်းဆောင်ရွက်ပေးပါဆိုလို့ ရောက်ရှိနေတာပါ"

ရန်ကုန်တိုင်းမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုတော့ ဖမ်းဆီးထိန်းသိမ်းတာ မရှိသေးဘူးလို့ တိုင်းကော်မရှင်အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီနေ့မှာတော့ တိုင်းနဲ့ခရိုင်ကော်ရှင်တာဝန်ရှိသူတွေကို တွေ့ဖို့ စစ်တိုင်းမှူးက ခေါ်ထားတယ်လို့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက RFA ကို ပြောပါတယ်။

"ခရိုင်ဥက္ကဋ္ဌ လေးယောက်ရယ်၊ ခရိုင်အတွင်းရေးမှူးရယ်၊ အားလုံးကို စစ်တိုင်းမှူးက ခေါ်တွေ့မယ် ပြောတယ်၊ အဆင်သင့်စောင့်နေတယ်၊ လောလောဆယ်နောက်ဆုံးသတင်းက၊ မဲကိစ္စဖြစ်မှာပေါ့၊ ခုထိတော့ ဘာမှမသိရသေးဘူး၊ ခေါ်မတွေ့သေးဘူး၊ ခေါ်တွေ့ဖို့စောင့်နေပါဆိုလို့ စောင့်နေတာ ငါတို့က စစ်တိုင်းမှူးဆီကိုသွားရမယ်"

တပ်မတော်က သူတို့အာဏာသိမ်းတာ မှန်ကန်တယ်ဆိုတာပြသဖို့ အချက်အလက်တွေ အတင်းအကျပ် ရယူနေတာလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

"အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် ကော်မရှင်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲကော် မရှင် အဆင့်ဆင့်မှာ အမှားအယွင်းတွေရှိနေတယ်ဆိုတာကို သက်ဆိုင်ရာကော်မရှင်အဆင့်ဆင့်က ဝန်ခံတယ် ဆိုတာကို လိုချင်ပြီးတော့ အတင်းအကျပ်ရယူတာပေါ့၊ အတင်းအကျပ် ရယူတာက ဥပဒေနဲ့ ညီလားဆို မညီဘူး၊ ရည်ရွယ်ချက်ကတော့ အဲတာပဲ၊ ကမ္ဘာကိုကြေညာတဲ့အခါမှာ သူတို့လုပ်တာမှန်ကန်တဲ့ အကြောင်း အာဏာသိမ်းရတာ မှန်ကန်တဲ့အကြောင်း သက်သေထူဖို့လာရှာနေတာ"

ဒါ့အပြင် NLD ပါတီကို ဘာကြောင့် ပါတီဖျက်သိမ်းသင့်တယ်ဆိုတဲ့ အချက်အလက်တွေပါ ရှာနေတာဖြစ်နိုင် တယ်လို့လည်း ဦးကြီးမြင့်က သုံးသပ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူသို့ပန်ကြားချက်ပြောကြားရာမှာ ရွေးကောက်ပွဲမှာ မဲစာရင်းမသမာမှုတွေရှိတာကြောင့် အာဏာသိမ်းတယ်လို့ ပြောဆိုကတည်းက ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့တွေကို ဖမ်းဆီးမယ်ဆိုတာ ထင်မိကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည်တဲ့ ဖန်တီးအိမ် အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို ဖမ်းဆီးတာဟာ သက်သေအဖြစ်ထွက်ဆိုဖို့နဲ့ ဖမ်းဆီးထောင်ချတာဖို့ ဖြစ်နိုင်တယ်လို့ ဖန်တီးအိမ်အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောပါတယ်။

"ကော်မရှင်ကို အခုလိုဖမ်းတဲ့ဟာက ကျမတို့ရဲ့ စစ်အာဏာရှင် ကျဆုံးရေးအတွက်ကတော့ ဘာမှ အရေးကြီးတဲ့အကွက်တော့ မဟုတ်တော့ပါဘူး၊ ဥပဒေအရဖမ်းတယ်ဆိုပြီး ဒီလူတွေကို တချိုကတော့ ပြောတယ် လိုပြသက်သေအတွက် ကောက်စားတယ်၊ တချို့ကို ထိုးကျွေးမယ်ဆိုရင်တော့ ဒီလူတွေကို အပြစ်တင်ပြီးတော့ ထောင်ချမယ်၊ ဒီနှစ်လမ်းပဲရှိတယ်၊ ကျမကတော့ ကော်မရှင်တွေကို ပြောချင်တာက ကောက်စားတာခံမလား၊ ထိုးကျွေးတာခံမလား နှစ်ခုစလုံးကတော့ ဝါးခံရမှာတွေချည်းဘဲဆိုတော့ ကိုယ်ရပ်တည်ချက်ကို မှန်မှန်ကန်ကန်ထုတ်ပြပါ"

ခုလိုရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီးနေသလို စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေက ပါတီဝင်တွေလည်း အဖမ်းခံနေရပါတယ်၊

ပြည်သူ့ပါတီဝင် နှစ်ဦး မနေ့က အဖမ်းခံထားရတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ပါတီဝင်နှစ်ဦးနဲ့ ဖမ်းဆီးခံထားရသူတွေ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အသိပေးဖို့ လိုတယ်လို့ ဦးကိုကိုကြီးက ဆိုပါတယ်။

“ပြည်သူ့ပါတီဝင် ရဲဘော်တွေလည်း တစ်ဦးချင်းအနေနဲ့ သက်ဆိုင်ရာဒေသတွေမှာ ပြည်သူနဲ့အတူ လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး တောင်ကြီးက ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးဝင်းကို အဖမ်းဆီးခံရတယ်လို့ ကြားပါတယ်။ နောက်တစ်ခုက ပြင်ဦးလွင်က ကိုဒီပါ ပြည်သူ့ပါတီက ဖမ်းဆီးခံ ရတယ်။ တချို့လည်း တော်တော်များများ ရှောင်တိမ်းနေရတာမျိုးတွေကြားရပါတယ်။ ဒါကြောင့် ဒီအခြေ အနေကို အမြန်ဆုံး ကျော်လွှားနိုင်ဖို့နဲ့ အင်အားသုံးဖြေရှင်းတာတွေကို မပြုလုပ်ဖို့ ပြည်သူ့ပါတီအနေနဲ့ တိုက်တွန်းတောင်းဆိုချင်ပါတယ်။ ပြည်သူ့ပါတီဝင် ရဲဘော်တွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့သူအားလုံး မိသားစုနဲ့ ဆက်သွယ်ခွင့်နဲ့ ဘယ်မှာရှိတယ်။ ကျန်းမာရေး ဘယ်လိုရှိတယ်ဆိုတာတွေကို အသိပေးဖို့ အဓိက တိုက်တွန်းချင်ပါတယ်”

ပြည်သူ့ပါတီအနေနဲ့ ပြည်သူတွေရဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေကို ထောက်ခံအားပေး ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့လည်း တောင်းဆိုထား ပါတယ်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ မနေ့က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ NLD ဥက္ကဋ္ဌနဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို မနေ့ညက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံ ကိုဝင်းမင်းဇင်က RFA ကို ပြောပါတယ်။

“ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရဲ့ NLD ဦးရဲလွင်နဲ့ ပန်းတောင်းမြို့နယ်ရဲ့ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မိုးထိုက်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်တို့ကို ၁၀ ရက်နေ့ည ၁၁ နာရီလောက်က ပန်းတောင်းမြို့နယ် ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်သွားတယ်။ အကြောင်းပြချက်က ၁၀ ရက်နေ့က ဆင်တဲဖက်ကို ပန်းတောင်းမြို့နယ် အရပ်ရပ်ကို ဆန္ဒပြခဲ့ပါတယ်။ အဲဒီဆန္ဒပြတဲ့ထဲမှာ အဲဒီသူတွေလည်း ဦးဆောင် သွားကြပါတယ်။”

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်မှာနေထိုင်တဲ့ NLD ရှေ့နေ ဦးကျော်ဟိုးကိုလည်း မနေ့ညက နေအိမ်က တံခါးတွေဖြတ်ပြီး ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သားဖြစ်သူ ကိုသံလွင်က ပြောပါတယ်။

“ရှေ့နေ ဦးကျော်ဟိုး ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ် သူ့ရဲ့နေအိမ်မှာပါ။ မနေ့ကညက ၁၁ နာရီဝန်းကျင် အိမ်တံခါးက သော့ခလောက်တွေကို ဖျက်ဆီးပြီးတော့ ဝင်တာပါခင်ဗျ။ ကျွန်တော့်အဖေက တံခါးဖွင့် မပေးလို့ အိမ်ကိုဖျက်ပြီးတော့ဝင်တာ။ ဘယ်ကိုခေါ်သွားမှန်းမသိဘူး။ ဘာကြောင့်ရယ်လို့တော့ မပြောတတ်ဘူး။ သူကတစ်ယောက်တည်းနေတာ။”

မန္တလေးတိုင်း ပြင်ဦးလွင်မှာလည်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုဝီလျံသိန်း အပါအဝင် ငါးဦးကို ပြင်ဦးလွင်ရဲစခန်းက မနေ့က ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးသွားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ဒေသခံပြည်သူတွေက ရဲစခန်းရှေ့ထိုင်သပိတ် ဆန္ဒပြတောင်းဆိုနေကြပါတယ်။ စစ်အာဏာသိမ်းပြီး အခုရက်ပိုင်းအတွင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးထိန်းသိမ်းနေပါတယ်။

အခုလိုရွေကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ ဆန္ဒပြပါတီဝင်တွေကို ဖမ်းဆီးနေပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရှိရသေးပါဘူး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။