တိုင်းရင်းသားဒေသအချို့ ရွေးကောက်ပွဲပိတ်ပင်ခံရ

ရွေးကောက်ပွဲ ကော်မရှင်က ကချင်၊ ကယား၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ စက်တင်ဘာလ ၁၆ ရက် နေ့စွဲနဲ ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့ နယ်မြေတွေ စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

2010.09.17
election_demo_india_305_Z.jpg ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မွန်ပြည်နယ်မှာတော့ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်က ကျေးရွာ အုပ်စုပေါင်း ၉ ခု ပါဝင်ပါတယ်။ အဲဒီဒေသတွေကို အရင်ကတည်းက အမဲရောင်နယ်မြေအဖြစ် စစ်အစိုးရက သတ်မှတ်ထားပြီး တိုင်းရင်းသား ကိုယ်စားပြု ပါတီတွေအနေနဲ့လည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတဲ့ နေရာတွေ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ်။

“ဖော်ပြတဲ့ အဲဒီဒေသ ဘယ်နေရာ ဘယ်နေရာ ပယ်လိုက်တယ်ဆိုတာက ဒီနေရာတွေက နည်းနည်း မှတ်မိတယ်လေ။ မှတ်မိတယ်ဆိုတာက ကျွန်တော်တို့ ဟိုတုန်းက လက်ထောက် ပြည်နယ် ပညာရေးမှူး စစ်ဆေးရေး လုပ်တုန်းက အဲဒီနယ်တွေကို ဆင်းချင်တယ်ဆိုလို့ရှိရင် ကွန်ဗွိုင်နဲ့ ဆင်းရတာပေါ့၊ ဟိုတုန်းကလေ။ အဓိပ္ပာယ်ကတော့ တပ်နဲ့ သွားရတယ်၊ ရဲနဲ့ သွားရတယ် ဆိုတဲ့ နေရာတွေပေါ့နော။ ဒီနေရာတွေက လက်နက်ကိုင် အဖွဲ့အစည်းကနေပြီးတော့ လွှမ်းမိုးထားတဲ့ ဒေသ ဖြစ်တယ်။ ဒီနေရာကလည်း သွားလာရ တော်တော် ခက်တယ်။”

“အဲလိုမျိုး ဖြစ်တဲ့အခါကျတော့ ဒီနေရာတွေက သူတို့ လုပ်လိုက်မယ် ဆိုလို့ရှိရင် free and fair မဖြစ်ဖူးဆိုပြီးတော့ သဘောထားလို့ သူတို့ အဲဒီလို လုပ်တာပါ။ တကယ်ဆိုတော့လည်းပဲ အဲဒီ နေရာတွေက အခု ရွေးကောက်ပွဲ ဆိုလို့ရှိရင်တော့ တစညနဲ့ ကြံ့ဖွတ်ပဲ မဲရမှာပေါ့။”

ရွေးကောက်ပွဲ မကျင်းပဖို့ သတ်မှတ်ခံရတဲ့ နေရာဒေသ အများဆုံးကို ရှမ်းပြည်နယ်မှာ တွေ့ရပြီး ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်အားလုံး အပါအဝင် အခြားရှစ်မြို့နယ်က ကျေးရွာတွေမှာ ရွေးကောက်ပွဲ ပြုလုပ်မှာ မဟုတ်ဘူးလို့ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်ကြောင့် လူဦးရေ နှစ်သန်းကျော်လောက် မဲပေးပိုင်ခွင့် ဆုံးရှုံးသွားပြီလို့ အမည်မဖော်လိုတဲ့ ရှမ်းခေါင်းဆောင်တဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ရွေးကောက်ပွဲ မလုပ်မဲ့ တိုင်းရင်းသား နယ်မြေဒေသတွေကို ကြည့်မယ်ဆိုရင်လည်း အပစ်ရပ် လက်နက်ကိုင်အဖွဲ့နဲ့ စစ်အစိုးရကြား သဘောထား တင်းမာမှုတွေ ကြီးမားနေတယ်ဆိုတာ တွေ့ရတယ်လို့ ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးများ ကောင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စောဒေးဗစ်တောက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။