ရွေးကောက်ပွဲစနစ် ၈ မျိုး လွှတ်တော်မှာတင်သွင်း


2014-10-21
Share
parliament-082912-1-b305 ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: RFA

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာ သုံးသပ်ရေးကော်မရှင်က ရွေးကောက်ပွဲစနစ် ၈ မျိုးကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။

မဲအများဆုံးရသူ အနိုင်ယူတဲ့စနစ် FPTP ၊ အချိုးကျ ကိုယ်စားပြုစနစ် PR နဲ့ အဲဒီစနစ်နှစ်မျိုးကို ရာခိုင်နှုန်း အမျိုးမျိုးနဲ့ ပေါင်းစပ်ထားတဲ့ ရွေကောက်ပွဲစနစ်တွေ အပါအဝင် စုစုပေါင်းရွေးကောက်ပွဲစနစ် ရှစ်မျိုး ကို ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင် က တင်သွင်းခဲ့တာပါ။

အဲဒီ့ရှစ်မျိုးထဲက မဲအများဆုံးရသူ အနိုင်ယူတဲ့စနစ် FPTP နဲ့ အချိုးကျ ကိုယ်စားပြုစနစ် PR ပေါင်းစပ်ထား တဲ့ ရွေးကောက်ပွဲစနစ် နှစ်မျိုးဟာ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေ ရှိနိုင်တဲ့အတွက် လွှတ်တော်က သုံးသပ်ဆောင်ရွက်နိုင်ဖို့ အကြံပြုတင်ပြပါကြောင်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲ စနစ်တွေကို ရွေးချယ်တင်ပြခဲ့တာသာဖြစ်ပြီး၊ တင်ပြခဲ့တဲ့ စနစ်အားလုံးမှာ အားနည်းချက် အားသာချက်တွေ ရှိနေနိုင်ကြောင်း၊ အဲဒီစနစ်တွေကို ကျင့်သုံးဖို့ မကျင့်သုံးဖို့ဆိုတာ ကော်မရှင်နဲ့ မဆိုင်ပဲ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ကော်မရှင် ဥက္ကဌ ဦးတင်မောင်ဦး က ပြောပါတယ်။

"နှစ်ပေါင်း ၆ဝ နီးပါး ယနေ့စနစ်ကို ကျင့်သုံးပါတယ်၊ ယနေ့စနစ် မကောင်းဘူးလားမေးရင် ကောင်း ပါတယ်၊ ဒီစနစ်ကို ကျင့်သုံးခြင်း မကျင်းသုံးက လွှတ်တော်နဲ့ ပြည်သူ့ရဲ့တာဝန်ပဲ၊ ဘာကြောင့်လဲဆို စနစ်တိုင်း စနစ်တိုင်းမှာ အားနည်းချက်တွေ အားသာချက်တွေရှိကြတယ်၊ ဖွဲ့စည်းပုံပြင်ရမှာတွေ လည်းရှိတယ်၊ မပြင်ရမှာလည်းရှိတယ်၊ ဘယ်နေ့မှာကျင့်သုံးပြီးတော့ ဖွဲ့စည်းပုံပြင်ပါ လို့ ကော်မရှင်လည်း တာဝန်မရှိပါဘူး၊ ကော်မရှင်က အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကို ရှာပြီးတင်ပြ တာဖြစ်တယ်"

ရွေးကောက်ပွဲစနစ် ရှစ်မျိုးကို တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးဖို့အတွက် တင်ပြတာဖြစ် ပြီး၊ ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ ဒီစနစ်တွေကို ကျင့်သုံးမှာ မဟုတ်ဘူးလို့လည်း ဆို ပါတယ်။ အဲဒီ ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအဝင် စုစုပေါင်း ၁၂၆ မြို့နယ်မှာ အရင်ရွေးကောက်ပွဲစနစ်ဖြစ်တဲ့ FPTP ခေါ် နိုင်သူအကုန်ယူစနစ်ကိုသာ ကျင့်သုံးမှာဖြစ်ကြောင်းသိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက

"ကျမတို့ သိရသလောက်ကတော့ ပြည်နယ်တွေကို သူတို့မကျင်သုံးရဲဘူးဆိုတာက ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအနေနဲ့က ပီအာကို လက်မခံပါဘူးတဲ့ ပီအာစနစ်ကိုသာ ပီအာစနစ်ကို ကျင့်သုံးမယ်၊ တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးမယ်ဆိုရင် သူတို့ ငြိမ်းချမ်းရေးဟာ တစိတ်တဒေသပျက်ပြား သွားနိုင်ပါတယ်ဆိုတဲ့ အသံလည်းထွက်ပေါ်လာတာရှိပါတယ်၊ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေဟာ ဒီပီအာစနစ်နဲ့ ယဉ်ပါးမှှုလည်းမရှိသေးပါဘူးတဲ့၊ နောက်ပြီးတော့ ပထမ ၂၀၁၀ တုန်းကလည်း မှန်ကန် စွာနဲ့ မဲမပေးခဲ့ရပါဘူးတဲ့၊ အဲ့ဒီတော့ FPTP စနစ်ဆိုတဲ့ဟာ သူတို့အနေနဲ့ ယဉ်ပါးမှှုမရှိသေးဘူးဖြစ်တဲ့ အတွက် ပြည်နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပြည်နယ်တွေမှာ ပီအာစနစ်ကိုသူတို့က လုံဝကန့်ကွက်ထားပါတယ်၊ အဲ့ဒါကြောင့်မို့လို့ ပီအာစနစ်ကိုတော့ သူတို့က ပြည်နယ်တွေမှာ မကျင့်သုံး ပဲနဲ့ မြန်မာအများစုရှိတဲ့ တိုင်းဒေသကြီး ၇ တိုင်းမှာတော့ ပီအာစနစ်ကို ကျင့်သုံးမယ်လို့ ဆုံဖြတ်လိုက် တယ်လို့ထင်ပါတယ်"

အဖွဲ့ဝင် ၂၄ ဦးပါ ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ကို ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၃၁ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့