ကိုးကန့် ဒုက္ခသည် ကယ်ဆယ်ခွင့် End War in Myanmar စီစဉ်နေ
2015.03.09
လောက်ကိုင်ဒေသ စစ်ပွဲတွေကြောင့် နေရပ်ပြန်လာသည့် သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မန္တလေးမြို့ မှာ တွေ့ရစဉ်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အနီးတဝိုက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ် ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်ခြောက်သောင်းကျော်ကို သွားရောက် ကူညီကယ်ဆယ်ဖို့ အတွက် End War in Myanmar အဖွဲ့က အစိုးရထံ ခွင့်ပြုချက်တောင်းခံဖို့ ပြင်ဆင်နေ ပါတယ်။
နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယက နဲ့ မြန်မာငြိမ်းချမ်းရေး စင်တာထံ မနက်ဖြန် ခွင့်ပြုချက်တင်မှာဖြစ်မယ်လို့ End War in Myanmar အဖွဲ့ဝင် ကိုလင်းနီသွေးက ပြောပါတယ်။
"ကျနော်တို့တော့ ဖြစ်နိုင်ရင်တော့ အမြန်ဆုံးသွားပြီးတော့ခေါ်ချင်တာပေါ့၊ ကွမ်းလုံကအဖွဲ့တွေနဲ့ပေါင်းပြီးတော့ အဲ့ဒါကိုဆက်ခေါ်ဖို့ရှိတယ်၊ အဲ့ဒီကြားထဲမှာ ကိုးကန့်အဖွဲ့တွေရော၊ မြန်မာအစိုးရရော တိုက်ပွဲကိုခဏလေး ရပ်ထားပေးပြီးတော့ တရုတ်ဘက်ကလည်း အဲ့ဒါကို တရားဝင်လာခေါ်ဖို့ ခွင့်ပြုဖို့ဆိုတဲ့ သုံးပွင့်ဆိုင်တဲ့ဟာပေါ့နော်၊ အဲ့ကိစ္စကို ကျနော်တို့တွေ လုပ်ဖို့ရှိတယ်ပေါ့၊ MPC ရယ်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရယ်၊ သမ္မတရုံးရယ်၊ အဲ့ဒါတွေကို ကျနော်တို့ အမြန်ချောနဲ့ပို့မယ်"
အဲ့ဒီအဖွဲ့က ကွမ်းလုံမြို့ခံ မြန်မာနိုင်ငံကြက်ခြေနီအသင်း တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ယူနန်ပြည်နယ် နမ်စမ်မြို့နဲ့ တရုတ်-မြန်မာနယ်စပ်အနီးက ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေတာဖြစ်တယ်လို့ ကွမ်းလုံမြို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတာဝန်ခံ ဦးစောသန်းလွင်က ပြောပါတယ်။
"လောက်ကိုင်မှနေကြတဲ့ ဒေသခံလူစုပေါ့၊ သူတို့က တရုတ်ဘာသာစကားတက်တော့ သူတို့က တရုတ်ပြည် နမ်စမ်ပေါက်ကိုထွက်သွားတယ်၊ အဲ့ဒီကနေအောက်နားမှာက ဝမ်းတူးဖိုက်ဆိုတဲ့ နယ်စပ်မှတ်တိုင်ရှိတယ်၊ အဲ့ဒီနားမှာလည်း သူတို့က ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ်၊ ဒီဘက် ကရောက်လာတဲ့သူတွေကို စောင့်ရှောက်ထားတယ်၊ ချင်းရွှေဟော်ဖက်မှာတော့ ကိုးကန့်လူမျိုးတွေ ကပြောတာက လူအင်အား ၂ဝဝဝ လောက်ရှိပါတယ်လို့ ပြောလာလို့ အဲ့ဒါကိုရေတွက် ကြည့်လိုက်တဲ့အချိန်မှာ စုစုပေါင်း သူတို့က ခြောက်သောင်းသုံးထောင်လေးရာလောက်ရှိပါတယ်"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အစိုးရတပ်မတော်နဲ့ ကိုးကန့်မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။
ချင်းရွှေဟော်မြို့အနီး လုံထန်ရွာမှာလည်း ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေကြောင့် ကွမ်းလုံနဲ့ လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာသူတွေလည်းရှိပါတယ်။









