မြန်မာနိုင်ငံမှာ ကိုးနှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံသူ နိုင်ငံခြားသတင်းထောက်တစ်ဦး၊ နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးဖို့ ပြန်ကြားရေးက ထောက်ခံချက်မပေးတဲ့အတွက် အလုပ်ဆက်လုပ်ခွင့်မရဘဲ တိုင်းပြည်ကနေ ပြန်လည်ထွက်ခွာသွားရတယ်လို့ အဲဒီသတင်းထောက်က ပြောပါတယ်။
ပြန်ကြားရေး၀န်ကြီးဌာန တာ၀န်ရှိသူတစ်ဦးကတော့ အချိန်နီးမှ ကပ်လျှောက်တဲ့အတွက် ပြန်ကြားရေး ဘက်က လုပ်ရကိုင်ရခက်ခဲတယ်လို့ ကာကွယ်ပြောဆိုပါတယ်။
ဗြိတိန်နိုင်ငံသူ အလွတ်သတင်းထောက် အာလီဖောင်းဝဲလ် Ali Fowle ဟာ၊ ၂၀၁၂ ခုနှစ် တိုင်းပြည် အပြောင်း အလဲဖြစ်ချိန်ကတည်းက ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရုပ်သံရဲ့ အင်္ဂလိပ်ဝက်ဘ်ဆိုက်မှာ အလုပ်လုပ်ခဲ့ပြီး၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ BBC ပြည်တွင်းသတင်းနဲ့ BBC Current Affair ဌာနတွေအတွက် မြန်မာနိုင်ငံ ထဲကနေ ရုပ်သံသတင်းတွေ ရိုက်ကူးတင်ဆက်ပေးနေသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကတော့ သူ့ရဲ့ပြည်တွင်းနေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသွားတာမို့ ဖေဖေါ်ဝါရီလဆန်းပိုင်းကတည်းက ပြန်ကြားရေးဝန်ကြီးဌာထံ ဗီဇာသက်တမ်းတိုး လျှောက်ထားခဲ့ပေမယ့်၊ တိုးခွင့်မရဘဲ Over Stay လို့ ခေါ်တဲ့ တရားမဝင် ရက်ကျော်နေထိုင်သူအဖြစ် တစ်ပတ်ကြာ နေထိုင်ခဲ့ရ ပါတယ်။
မတ်လ ၄ ရက်နေ့မှာတော့ ဆက်လက်နေထိုင် အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့တာကြောင့်၊ ဆက်နေချင်ပေမယ့် လည်း နေလို့မရဘဲ မြန်မာပြည်ကနေ အပြီးထွက်ခွာလာရတယ်လို့ အာလီဖောင်းဝဲလ် က ပြောပါတယ်။
“ပြန်ကြားရေး၀န်ကြီးဌာနက ကျမရဲ့ ဗီဇာလျှောက်လွှာပေါ်မှာ လက်မှတ်မထိုးပါဘူး၊ ကျမလည်း စောင့်ရင်း စောင့်ရင်းနဲ့ အချိန်တွေ အများကြီး ကြာလာပါတယ်။ ဒီလိုအချိန် တိုင်းပြည်ထဲမှာ တိကျတဲ့ မီဒီယာထောက်ခံချက်မရဘဲ နေရတာဟာ အရမ်းအန္တရာယ်ရှိပါတယ်၊ မသေချာမရေရာမှုကို ကျမ ခံစားရပါတယ်၊ ဒါကြောင့် တိုင်းပြည်ကနေ ထွက်ခွာဖို့ ကျမ ဆုံးဖြတ်လိုက်တာပါ။”
ပြည်တွင်းမှာ နိုင်ငံခြားသား သတင်းထောက်တွေ ဗီဇာသက်တမ်းတိုးလိုတဲ့အခါ၊ သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်နေတာ မှန်ကန်ကြောင်း၊ ပြန်ကြားရေး၀န်ကြီးဌာနရဲ့ ထောက်ခံချက်ကို အရင်ဆုံး တောင်းခံရပါတယ်။
ပြန်ကြားရေး၀န်ကြီးရဲ့ကိုယ်စား၊ အမြဲတမ်းအတွင်းဝန်တစ်ဦးဦးက လက်မှတ်ထိုး ထောက်ခံပေးမှသာ နိုင်ငံခြားသားသတင်းထောက်တွေက အဲဒီထောက်ခံစာကိုယူပြီး ရန်ကုန် ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဗီဇာသက်တမ်းတိုး ထပ်မံလျှောက်ထားရပါတယ်။
ပြန်ကြားရေး၀န်ကြီးဌာနရဲ့ ထောက်ခံစာပါမှသာ ပန်ဆိုးတန်းရှိ လူဝင်မှုကြီးကြပ်ရေးဌာနက သက်ဆိုင်ရာ သတင်းထောက်ရဲ့ နိုင်ငံကူးလက်မှတ် Passport မှာ၊ သုံးလ ဒါမှမဟုတ် ခြောက်လ နေထိုင်ခွင့် ဗီဇာတုံး ထုပေးလေ့ရှိပါတယ်။
တကယ်လို့ ပြည်တွင်းမှာ သက်တမ်းမတိုးဘဲ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ စတဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုခုမှာရှိတဲ့ မြန်မာသံရုံးတွေမှာ ဗီဇာသက်တမ်း ထပ်တိုးမယ်ဆိုရင်လည်း နိုင်ငံခြားသား သတင်းထောက် တွေအတွက် ပြန်ကြားရေး၀န်ကြီးဌာနရဲ့ ထောက်ခံစာမပါရင် လုံးဝ သက်တမ်းတိုးလို့မရပါဘူး။
နိုင်ငံခြားသတင်းထောက် အာလီဖောင်းဝဲလ်က “ပြန်ကြားရေး၀န်ကြီးဌာနဟာ သူ့ကို ဗီဇာမပေးဘူးဆိုပြီး တရားဝင် ပယ်ချလိုက်တာမျိုး မဟုတ်ဘဲ၊ ဗီဇာသက်တမ်း အသစ်တိုးဖို့ တင်တဲ့ သူ့ရဲ့လျှောက်လွှာမှာ ထောက်ခံချက် လက်မှတ်ထိုးပေးဖို့ အချိန်ဆွဲပြီးရင်း ဆွဲနေတာလို့ RFA ကို ပြောပါတယ်။
ပြန်ကြားရေး၀န်ကြီးဌာန အရာရှိတစ်ဦးကတော့ "အာလီဖောင်းဝဲလ်က ရက်အရမ်းကပ်နေမှ လျှောက်လွှာတင်တာကြောင့် လုပ်ပေးဖို့ ခက်ခဲခဲ့တယ်" လို့ ကာကွယ်ပြောဆိုပါတယ်။
"ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘီဘီစီနဲ့ အာလီဖောင်းဝဲလ်ရဲ့ စာချုပ်သက်တမ်းကုန်သွားတာတောင် ပြန်ကြားရေးကနေ သူ့ရဲ့ဗီဇာကို မပိတ်ပင်ခဲ့ဘူး၊ အခုအချိန်ကပ်ပြီး သုံးရက်လောက်နေမှ လျှောက်လွှာ တင်တာကြောင့် အဆင်မပြေဘူး" လို့ အဲဒီပြန်ကြားရေးအရာရှိက RFA ကို ပြောပါတယ်။
မစ်အာလီဖောင်းဝဲလ်ကတော့ သူ့အနေနဲ့ သက်တမ်းမကုန်ခင် သီတင်းနှစ်ပတ်လောက်ကတည်းက ပြန်ကြားရေးကို လျှောက်လွှာတင်ခဲ့ပြီး၊ အာဏာသိမ်းလိုက်ချိန်မှာ BBC ကလည်း သူ့ကို အလုပ်ပြန်ငှား ခဲ့တာကြောင့် ပြည့်စုံတဲ့ ဗီဇာသက်တမ်းတိုးလျှောက်လွှာကို တင်ခဲ့တာလို့ ပြောပါတယ်။
" ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတော့ ဘီဘီစီက တိုင်းပြည်ထဲမှာ သတင်းထောက်တစ်ယောက် ယောက် ရချင်ခဲ့တယ်၊ ကျမနဲ့ စာချုပ်အသစ် ထပ်ချုပ်ခဲ့တယ်၊ ပြန်ကြားရေးကိုလည်း အဲဒီလိုစာချုပ်ချုပ် လိုက်ကြောင်း ထောက်ခံပေးခဲ့တယ်၊ အာလီက ပြည်၀င်ခွင့်သက်တမ်းတိုးချင်တယ်လို့ ပြန်ကြားရေးကို ပြောပေးခဲ့တယ်၊ သူတို့က ကျမကို ဗီဇာမပေးဘူး တိုင်းပြည်ကနေ ထွက်ရမယ်လို့ တရားဝင် ငြင်းလိုက် တာတော့ မဟုတ်ဘူး၊ ဟုတ်ကဲ့ တိုးပေးပါ့မယ်လို့လည်း မပြောဘူး၊ ဒီလိုပုံစံမျိုးကို ကျမတို့က ကျင့်သား ရနေပြီ၊ အချိန်ဆွဲရင်း ဆွဲနေတော့ ကျမက တိုင်းပြည်ထဲမှာ တရားမဝင် နေထိုင်ရသလို ဖြစ်နေတယ်၊ လက်ရှိအခြေအနေကြောင့် နေရတာလည်း အဆင်မပြေဖြစ်လာခဲ့တယ်လေ။"
နေထိုင်ခွင့် သက်တမ်းတိုးမရတာကြောင့် မြန်မာပြည်ကနေ ပြန်ထွက်ခွာခဲ့ရတဲ့ နိုင်ငံခြားသတင်းထောက် အာလီဖောင်းဝဲလ်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာပြည်အခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်း FCCM တာဝန်ရှီသူတွေကို FRA က အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားမဲ့သူ မရှီပါဘူး။
အလွတ်သတင်းထောက် အာလီဖောင်း၀ဲလ် ဟာ ရွေးကောက်ပွဲလုပ်တဲ့ နိုဝင်ဘာလကုန်ထိ British Broadcast Corporation (BBC) နဲ့ စာချုပ်ချုပ်ခဲ့ပြီး၊ ဒီဇင်ဘာကနေ ဖေဖေါ်၀ါရီ ၂၄ ရက်အထိ နောက်ထပ် ဗီဇာသက်တမ်းထပ်တိုးရာမှာ ပြန်ကြားရေး၀န်ကြီးဌာနက သက်တမ်းတိုးခွင့်ပြုပြီးဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် အာဏာမသိမ်းခင်က လျှောက်ထားရာမှာ သက်တမ်းတိုးခွင့်ရခဲ့ပြီး၊ အခု အာဏာသိမ်းပြီး နောက်ပိုင်း ဖေဖေါ်ဝါရီ ၂၄ ရက်ကနေ ထပ်မံ သက်တမ်းတိုးဖို့ လျှောက်ထားရာမှာ ပြန်ကြားရေး၀န်ကြီးဌာနက ခွင့်မပြုဘဲ အချိန်ဆွဲနေခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး ဖေဖေါ်ဝါရီ ၂၄ ရက်ကနေ မတ်လ ၄ ရက်နေ့အထိ ရှစ်ရက်ကြာ တရားဝင်နေထိုင်ခွင့် ဗီဇာမရှိဘဲ နေထိုင်လုပ်ကိုင်နေရပြီး၊ ပြည်တွင်း ပစ်ခတ်နှိမ်နင်းမှုတွေကလည်း ပိုဆိုးလာတဲ့အတွက် ပြည်တွင်းမှာ ဆက်အလုပ်လုပ်ချင်ပါလျက်နဲ့ ဗီဇာသက်တမ်းတိုးခွင့် မရတာကြောင့် မတ်လ ၄ ရက်နေ့က ဗြိတိန်နိုင်ငံကို အပြီးပြန်လာခဲ့ရတယ်လို့ အာလီဖောင်းဝဲလ်က ပြောပါတယ်။
လွန်ခဲ့တဲ့နှစ် ကိုရိုနာ ကပ်ရောဂါမဖြစ်ခင်က မြန်မာနိုင်ငံမှာ သူ့လို အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား သတင်းထောက် အတော်များခဲ့ပေမဲ့၊ ကိုရိုနာကပ်ရောဂါ ဖြစ်ချိန်မှာ အတော်များများ တိုင်းပြည်ကနေ ပြန်ထွက်သွားခဲ့တယ်လို့လည်း အာလီဖောင်းဝဲလ်က ပြောပါတယ်။
အခု ဖေဖေါ်ဝါရီ ၁ ရက်အာဏာသိမ်းချိန်မှာတော့ ပြည်တွင်းမှာ ဆက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား သတင်းထောက်အရေအတွက် အတ်ောနည်းသွားပြီလို့လည်း Ms-Ali Fowel က ပြောပြသွားပါတယ်။