ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ အသံတွေ လွှတ်တော်မှာ ပိုအားကောင်းလာဖို့နဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ပိုပေးဖို့ တောင်းဆိုတဲ့ အချက်တွေပါဝင်တဲ့ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မူ ကော်မတီရဲ့ အစီရင်ခံစာကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုတဲ့ အသံတွေ လွှတ်တော်မှာ ပိုမိုအားကောင်းလာစေရေး တွန်းအားပေးဖို့ လိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခအပါအဝင် ပြဿနာတွေကို ဖြေရှင်းရာမှာ ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပိုမိုသတ်မှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ကော်မတီရဲ့ နှစ်ပတ်လည်စီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် လေးဦးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အကြံပြုဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိခဲ့ဘဲ အစီရင်ခံစာကို အတည်ပြုလိုက်တာပါ။
ANP ပါတီဝင် ရသေ့တောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြည်တွင်း ငြိမ်းချမ်းရေးမှာ ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်ပိုင်ခွင့် တာဝန်တွေ ပိုမိုရရှိဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတချို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြား အရပ်သားတွေ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေရှိနေတဲ့အတွက် ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်သွားရောက်တွေ့ဆုံဖို့လည်း အကြံပြုထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှာ ၂၀၁၈ သြဂုတ်လက အစ္စလာမ်ဘာသာဝင် ၃၀၀၀ ကျော်ကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ပွင့်လင်းမြင်သာစွာ မချပြနိုင်ခဲ့တဲ့အပေါ် ဒေါ်ခင်စောဝေက ဝေဖန်ခဲ့ပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့သာ စနစ်တကျ ဆောင်ရွက်စေလိုတယ်လို့လည်း အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မူ ကော်မတီရဲ့ တာဝန်ရှိသူတချို့ဟာ အစိုးရက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အဖွဲ့တွေမှာ ပါဝင်ပေမယ့် လုပ်ပိုင်ခွင့် သိပ်မရဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။
တာဝန်နဲ့ လုပ်ပိုင်ခွင့်က နည်းတဲ့အတွက် ဆောင်ရွက်ရတဲ့ အပိုင်းတွေမှာ အခက်အခဲရှိတယ်လို့ ပြောတာက ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မူ ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းပါ။
NLD ပါတီ၊ တွံ့တေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှောင့်နှေးနေရတာနဲ့ အတားအဆီးဖြစ်နေရတဲ့ အကြောင်းအရာတွေကို ကော်မတီ အစီရင်ခံစာမှာ နက်နက်ရှိုင်းရှိုင်း ဖော်ပြပေးစေလိုတယ်လို့ ပြောပါတယ်။
တိုင်းရင်းသား ပြည်သူတွေအနေနဲ့ တည်ငြိမ်အေးချမ်းတဲ့ ပြည်ထောင်စုဖြစ်ဖို့ ဆန္ဒပြင်းပြနေပေမယ့် အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာတယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
SNLD ပါတီ၊ ရှမ်းပြည်နယ် သိန္နီမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းက တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လုံခြုံရေးအခြေအနေအရ လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်လို့ မရဘူးလို့ ပြောပါတယ်။
တိုင်းရင်းသားဒေသတွေက ပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိနေပြီး ကျန်နေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း အမြန်လက်မှတ်ထိုးဖို့လိုကြောင်းလည်း အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့နဲ့ ပတ်သက်လို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက လွှတ်တော်ကို ပေးပို့ထားပြီး ဖြစ်တဲ့အတွက် ကော်မတီက စိစစ်နေတယ်လို့ သိရပါတယ်။
