အပစ်ခတ်ရပ်စဲရေးစာချုပ်အတွက် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ချင်းမိုင်မှာတွေ့မည်

0:00 / 0:00

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ အခုလကုန်ပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးခဲ့တဲ့ အချက်တွေကိုမူတည်ပြီး ပြန်လည်ညှိနှိုင်းဖို့ ဆွေးနွေးကြမှာဖြစ်တယ်လို့ KNU ကရင် အမျိုးသား အစည်းအရုံးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

"ကျနော်တို့ အခုကတော့ သမ္မတနဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ သမ္မတက ပြန်လည်ဆွေးနွေးတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရက်၊ လ လ့ိုပဲ၊ ကျနော်တို့သဘောထားက ဒီ ရက်၊ လ အပေါ်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ဘယ်လိုဆုံးဖြတ်မလဲဆိုတာက အဲ့ဒီအစည်းအဝေးမှာက ဒါပြောလို့ ရမှာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာက တစ်ဖွဲ့ချင်းရဲ့သုံးသပ်မှု၊ ဆုံးဖြတ်မှုအပေါ်မှာလည်း မူတည်တယ်၊ အကုန်လုံးနဲ့ ပြန်လည်စုစည်းတဲ့အခါမှာလည်း အကုန်လုံးရဲ့ သုံးသပ်မှု၊ ဆုံးဖြတ်မှုအပေါ်မှာလည်း တည်တာကိုး"

အပစ်အခတ်ရပ်စဲရေးစာချုပ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၂၉ ရက်နေ့မှာ လက်မှတ်ထိုးဖို့ အဆိုပြုခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက သူတို့ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအတွင်း ပြန် လည်တင်ပြဖို့နဲ့ ပြည်သူတွေဆီ ပြန်လည်ရှင်းပြဖို့အတွက် ပြင်ဆင်ချိန်မလုံလောက်သေးကြောင်း ပြန်လည်ဆွေးနွေးခဲ့ ပါတယ်။

ဒါကြောင့် လာမယ့် အောက်တိုဘာလအတွင်းမှာတော့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင် ဖို့ နိုင်ငံတော်သမ္မတက အဆိုပြုတိုက်တွန်းထားပါတယ်။

ချင်းမိုင်မြို့ ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့ကနေ ၃ ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD နဲ့ NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့က ၁၇ ဖွဲ့စလုံး တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့လည်း ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်း ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။