လေဘာပါတီက ဗြိတိသျှအစိုးရကို မြန်မာ့အရေး နှိုးဆော်
2011.09.17
ဗြိတိန်အတိုက်အခံလေဘာပါတီ နိုင်ငံခြားရေးရာ တာဝန်ခံ Douglas Alexander ။
ကြေညာချက်ထဲမှာ မြန်မာအစိုးရအနေနဲ့ စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign-UK ညွှန်ကြားရေးမှူး Mark Farmaner က Douglas Alexander ဟာ သြဇာရှိတဲ့ နိုင်ငံရေးသမားတဦး ဖြစ်တဲ့အတွက် ဗြိတိန်အစိုးရကို ထိထိရောက်ရောက် တိုက်တွန်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။
“Douglas Alexander အနေနဲ့ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ် စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်ကို ကုလသမဂ္ဂက ဖွဲ့စည်းဖို့အတွက် ဗြိတိန်အစိုးရကို ဖိအားပေးနိုင်တဲ့ အဓိက အတိုက်အခံ နိုင်ငံရေးသမားတဦး ဖြစ်ပါတယ်။ ဗြိတိန်ပါလီမန်တွင်းမှာ လစဉ် နိုင်ငံခြားရေးဝန်ကြီးကို မေးမြန်းတဲ့ ဆွေးနွေးပွဲတွေမှာလည်း Douglas Alexander က အဲဒီအချက်ကို မေးမြန်းမှာ ဖြစ်ပါတယ်”
ဒါ့အပြင် ဗြိတိန်အစိုးရဟာ လစ်ဗျားနိုင်ငံအရေးကို အဓိက အာရုံစိုက် ဆောင်ရွက်နေရာကနေ မြန်မာနိုင်ငံ အရေးကိုလည်း ထိရောက်အောင် ဆက်ပြီး ဆောင်ရွက်မှာဖြစ်ကြောင်း Mark Farmaner က ပြောပါတယ်။
“အခုအချိန်မှာတော့ ဗြိတိန်အစိုးရဟာ လစ်ဗျားနိုင်ငံအရေးကို အဓိကထား ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ဗြိတိန်အစိုးရက အာဏာရှင်စနစ်ကို ကမ္ဘာ့ ဘယ်နေရာမှာမှ တည်ရှိတာကို လက်မခံဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အဲဒီတော့ လစ်ဗျားနိုင်ငံ ပြီးရင် မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးရေးကို ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ပိုပြီး ကြိုးစားလာကြပါလိမ့်မယ်”
ဥရောပသမဂ္ဂမှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံ ရှိတဲ့အထဲက ဗြိတိန်နိုင်ငံ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို တရားဝင် ထောက်ခံထားကြပါတယ်။









