စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦးနဲ့ သတ္တုတွင်းလုပ်ငန်းတစ်ခုကို ဆွစ်ဇာလန် ပိတ်ဆို့အရေးယူ

RFA Burmese
2023.08.04
စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦးနဲ့ သတ္တုတွင်းလုပ်ငန်းတစ်ခုကို ဆွစ်ဇာလန် ပိတ်ဆို့အရေးယူ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူခံရသူများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ အလုပ်သမားဝန်ကြီး ဟောင်း ဒေါက်တာပွင့်ဆန်း (ဝဲ မှ ယာ)။
RFA

EU ဥရောပသမဂ္ဂက ပြီးခဲ့တဲ့လက ပိတ်ဆို့အရေးယူလိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦး နဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက်လည်ပတ်နေတဲ့ သတ္တုတွင်းလုပ်ငန်းတစ်ခုကို ဆွစ်ဇာလန်နိုင်ငံက ဩဂုတ် ၄ရက်နေ့မှာ ထပ်မံ ပိတ်ဆို့အရေးယူလိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စစ်ကောင်စီအဖွဲ့ဝင် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကျော်မင်း၊ စစ်ထောက်ချုပ် နဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း နဲ့ ကြံ့ခိုင်ဖွံ့‌ဖြိုးရေးပါတီ အမတ်ဟောင်း ဦးပိုးရယ်အောင်သိန်း အပါအဝင် နေပြည်တော် ပျဉ်းမနားမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အမှတ် ၂ သတ္တုလုပ်ငန်း တို့ကို ပိတ်ဆို့အရေးယူလိုက်တာပါ။

ဒီလူပုဂ္ဂိုလ်တွေထဲက အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းကို စစ်ကောင်စီက ဩဂုတ် ၂ ရက်နေ့မှာ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်ပြီး တိုးမြှင့်လုပ်ဆောင်နေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီလူပုဂ္ဂိုလ် ခြောက်ဦး နဲ့ သတ္တုတွင်း လုပ်ငန်းကို ပိတ်ဆို့အရေးယူတာလို့ ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုကို ပိတ်ဆို့အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်းပေးအပ်မှုတွေအပေါ် တားမြစ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို လက်နက်နဲ့စက်ပစ္စည်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေမှာ လက်နက်အဖြစ်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေကို မတင်ပို့ဖို့လည်း တားမြစ်ထားပြီး မြန်မာစစ်တပ်ကို ပေးနေတဲ့ သင်တန်းအားလုံးလည်း ရပ်ဆိုင်းထားပါတယ်။

ဥရောပသမဂ္ဂကနေ မြန်မာအစိုးရကို တိုက်ရိုက်ပေးအပ်နေတဲ့ ဘဏ္ဍာရေးအကူအညီတွေကို ရပ်ဆိုင်းထားပြီး၊ စစ်ကောင်စီကို တရားဝင်ဖြစ်မှုပေးတယ်လို့ ယူဆရတဲ့ အကူအညီအားလုံးကိုလည်း ရပ်တန့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။