စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ထပ်ပြီးပေါ်ပေါက်လာတဲ့အတွက် ဥရောပသမဂ္ဂအနေနဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပိုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ EU ထိပ်တန်း သံတမန်တယောက်က ရိုက်တာသတင်းဌာနကို မနေ့ကပြောလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လဲ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းဝယ်ဖောက်ကားမှု ပိတ်ဆို့ဖို့ တိုက်တွန်းနေတယ်လို့ အဲဒီသံအရာရှိက ပြောတဲ့အကြောင်း ဒီနေ့သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ ဆက်တိုက်ထပ်ဖြစ်လာနေတဲ့အတွက် စစ်လက်နက်ပိတ်ပင်တဲ့ လုပ်ရပ်မျိုး အပါအဝင် တခြားနည်းတွေနဲ့ပါ နိုင်ငံတကာကလည်း ဝိုင်းဝန်းကာကွယ်ဖို့ လိုအပ်လာတယ်လို့ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာအဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဖ် ဘော်ရဲလ် (Joseph Borrell) ကပြောလိုက်တာပါ။ ဒါကြောင့် မြန်မာစစ်တပ်ကို နောက်ထပ်အရေးယူဖို့ EU ကတော့ အဆင်သင့်ဖြစ်နေပြီလို့ သူကဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်း စစ်ခေါင်းဆောင်တွေရော သူတို့နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကိုပါ အဓိကရွေးချယ်ပြီး အရေးယူပိတ်ဆို့တာတွေကို EU ဥရောပသမဂ္ဂက ဆောင်ရွက်ခဲ့ပါတယ်။ ငွေကြေးအရ အကူအညီပေးနေတာတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။
ကယားပြည်နယ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ Save the Children အဖွဲ့ကဝန်ထမ်းတွေအပါအဝင် အယောက် ၃၀ ကျော်မီးရှို့သတ်ဖြတ်ခံရတဲ့ စစ်ကောင်စီရဲ့ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ လုပ်ရပ်က အရေးယူဒဏ်ခတ်အပြစ်ပေးဖို့ လိုအပ်လာတယ်လို့လည်း ဂျိုးဆက်ဖ် ဘော်ရဲလ်ကပြောပါတယ်။