မြန်မာ့ဆန်တင်ပို့မှု အခွန်ကင်းလွတ်ခွင့် အီးယူက သုံးနှစ်ရပ်ဆိုင်း
ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံတွေကို မြန်မာ့ဆန်တင်ပို့မှုအတွက် ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေး GSP အခွန်ကင်းလွတ်ခွင့်ကို အီးယူက သုံးနှစ်ရပ်ဆိုင်းလိုက်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး အခွန် စတင်ကောက်ခံသွားမှာဖြစ်ပါတယ်။
-
2019-01-17 -
-
-
ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံတွေကို မြန်မာ့ဆန်တင်ပို့မှုအတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP အခွန် ကင်းလွတ်ခွင့်ကို အီးယူက သုံးနှစ်ရပ်ဆိုင်းလိုက်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး အခွန် စတင်ကောက်ခံသွား မှာဖြစ်ပါတယ်။
ဖွံ့ဖြိုးမှုနိမ့်ကျနေသေးတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံလုံးကို အီးယူက အထူးအခွင့်အရေးအနေနဲ့ လက်နက် ပစ္စည်းကလွဲလို့ တင်သွင်းကုန်မှန်သမျှကို အခွန်ကင်းလွတ်ခွင့်ပေးထားတာဖြစ်လို့ ဆန်တွေကို အခွန်လွတ်တင်ပို့ ခွင့်ရနေတာဖြစ်ပါတယ်။
အဲဒီလို အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံက ဆန်တွေဟာ တခြားအီးယူအဖွဲ့ဝင် နိုင်ငံတွေထက် ဈေးနှုန်းလျော့နည်းပြီး အီးယူကို အများအပြားဝင်နေတဲ့အတွက် တခြားအီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆန်တင်ပို့ရာမှာ နစ်နာမှုတွေ ရှိနေတာကြောင့် ကန့်ကွက်မှုတွေရှိလို့ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းပြီး သုံးနှစ်ကြာ အခွန်ပြန်ကောက်ခံဖို့ အီးယူက ဇန်နဝါရီ ၁၆ က ဆုံးဖြတ်ခဲ့တာပါ။
မြန်မာနိုင်ငံကနေ အီးယူကို တင်ပို့ရောင်းချနေတဲ့ ဧည့်မထ အုပ်စု ဆန်လုံးရှည် အမျိုးအစားတွေကို အခွန် စတင်ကောက်ခံမှာဖြစ်ပြီး အခွန်ကောက်ခံမယ့်ထဲမှာ ဆန်ကွဲ မပါဝင်ဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က သိရပါတယ်။
အီးယူအနေနဲ့ မြန်မာပြည်က တင်ပို့တဲ့ ဆန်တစ်တန်ကို ပထမနှစ်မှာ ၁၇၅ ယူရို၊ ဒုတိယနှစ်မှာ ၁၅၀ ယူရို၊ တတိယနှစ်မှာ ၁၂၅ ယူရို အခွန်ကောက်ခံသွားမယ်လို့ သိရပါတယ်။
အခွန်ကင်းလွတ်ခွင့်ရတဲ့အတွက် တခြားနိုင်ငံတွေထက် ဈေးပိုရကြောင်း အခုလို အခွန်ကောက်မယ်ဆိုရင်တော့ ဒီဆန်အမျိုးအစားကို အီးယူဈေးကွက်ကို တင်ပို့နိုင်မှုနည်းသွားပြီး ဈေးကွက်ပျောက်သွားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေး ကပြောပါတယ်။
မြန်မာနိုင်ငံကနေ အီးယူဈေးကွက်ကို တစ်နှစ်ကို ဆန်နဲ့ ဆန်ကွဲတန်ချိန် လေးသိန်းနီးပါး နှစ်စဉ်တင်ပို့မှုရှိနေ တာဖြစ်ပြီး အီးယူက အခွန်စတင်ကောက်မယ့် ဆန်လုံးရှည်အမျိုးအစားဟာ မနှစ်က တန်ချိန် ၆ သောင်းသာ တင်ပို့မှုရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။