အစ္စလာမ် ဘာသာအပေါ် အမြင်လွဲမှားနေမှုတွေ ရှင်းလင်း

အစ္စလာမ်ဘာသာနဲ့ မွတ်စလင်များအပေါ် အထင်အမြင်နားလည်မှု လွဲမှားမှုတွေ ရှိတယ်ဆိုပြီး မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity For Peace Network) က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ကွန်ရက်ပေါင်းစုက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် YMCA ခန်းမမှာ ဇွန်လ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပစဉ် photo: RFA/ Nay Myo Htun

အစ္စလာမ်ဘာသာနဲ့ မွတ်စလင်များအပေါ် အထင်အမြင်နားလည်မှု လွဲမှားမှုတွေရှိတယ်ဆိုပြီး မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံ  သား အစ္စလာမ်ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity For Peace Network)က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့ နယ်မှာရှိတဲ့ YMCA ခန်းမမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ အချက် ၉ ချက်ပါ ကြေညာချက် ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ၉ ချက်ထဲက  ၇၈၆ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပတ်သတ်ပြီး Unity For Peace Network ကအဖွဲ့ဝင်  ဦးရဲလှက အဲဒီအခမ်းအနားမှာ အခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။

"မြန်မာပြည်တွင်း၌ နှစ် ၁ ထောင်ကျော်ကာလက ပင် အတည်တကျအခြေကျပြီး တခြားဘာသာ အသီးသီးမှ ညီနောင်များနှင့် အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာကြသည့် အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်များနှင့် စပ်လျဉ်း၍ နားလည်မှုလွဲမှားနေသော အချက်တို့အား ရှင်းလင်းဖော်ပြပါသည်၊ အနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံမှ ကောင်းချီးမင်္ဂလာတို့ရယူရန်၊ တခြားလူများကို ကရုဏာထားဆက်ဆံရန်၊ အစားအသောက်များအား အစ္စလာမ့်စည်းကမ်းနဲ့အညီ စီရင်ထားခြင်းဖြစ်ကြောင်းကို ရည်ညွှန်းခြင်း သာဖြစ်ပါသည်၊ ဘာသာခြားတို့အား ခွဲခြားဆက်ဆံရန်အတွက် လုံးဝမဟုတ်ပါ"

၇၈၆ ကို ပေါင်းလိုက်ရင် ၂၁ ဖြစ်တဲ့အတွက် ၂၁ ရာစုမှာ အစ္စလမ်ဘာသာက ကမ္ဘာကိုလွှမ်းမိုးမည်ဟု ဖွင့်ဆိုချက် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း၊ ဘာသာမတူ အမျိုးသမီးတွေကို လက်ထပ်နိုင်သူ အစ္စလာမ်ဘာသာဝင်တွေကို အဆင့်လိုက် ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲချက်မှာလည်း လုံးဝ အခြေအမြစ်မရှိကြောင်း၊ လိမ်ညာမှုသာဖြစ်ကြောင်းစတဲ့အချက်တွေ အပါအဝင် ၉ ချက်ကို ရှင်းလင်းခဲ့ပါတယ်။

အဓိကကျတဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်ချင်း ဖြေရှင်းနေတာထက် စာရင် မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေက တညီတညွတ်တည်း  ရှင်းလင်းထုတ်ပြန်တာ ကို ပြည်သူတွေဆီ တင်ပြပေးနိုင်ရင် အကြမ်းဖက်မှုပပျောက်ပြီး နိုင်ငံတိုးတက်ရေးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဒီသတင်းစာရှင်းလင်းပွဲကို ကျင်းပရတာဖြစ်တယ်လို့ Unity For Peace Networkက ဦးကျော်ဝင်းက ပြောကြားသွားခဲ့ပါတယ်။

ဒီရှင်းလင်းဟာ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့တစ်ခုခုက ဦးဆောင်ကျင်းပတာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံမှရှိတဲ့ အစ္စလာမ်ဘာသာဝင် လူမှုရေးကွန်ရက်တွေရဲ့ သဘောဆန္ဒအရ စုပေါင်းကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org