ဒဂုံမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က ဒဂုံစီးတီး အိမ်ရာစီမံကိန်းတည်ဆောက်နေမှုကို လက်ရှိအစိုးရ သက်တမ်းအတွင်း တရားဝင်ရပ်ဆိုင်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီကနေ့ အဆိုတင်သွင်းရာမှာ ရံှုးနိမ့်သွားခဲ့ပါတယ်။
ဒဂုံစီးတီးစီမံကိန်းမြေဟာ တပ်မတော်ပိုင်မြေဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရကသာ စီမံပိုင်ခွင့်ရှိတယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က လွှတ်တော်တွင်းအဆိုတင်သွင်းမှုကို ကန့်ကွက်တာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ ရံှုးနှိမ့်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
"ဆွေးနွေးဖို့အတွက်ကို အစိုးရအဖွဲ့ဝင် စီမံကိန်းဝန်ကြီး ဦးသန်းမြင့်က ကန့်ကွက်တယ်လေ၊ ဘာကြောင့်လဲဆိုတော့ တပ်မတော်ပိုင်တဲ့ေြ့မ ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲပါမယ်၊ ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မသက်ဆိုင်ပါဘူးဆိုပြီးတော့ ဘော်လီဘောပုတ်လိုက်တာပေါ့၊ လွှတ်တော်မှာ ဆွေးနွေးသင့်သလား မဆွေးနွေးသင့်သလားဆိုတာကို မဲခွဲတယ်လေ"
ဒဂုံစီးတီးစီမံကိန်းအတွင်း ဆောက်လုပ်ဖို့ လျာထားတဲ့ အထပ်မြင့်အဆောက်အဦးတွေဟာ ရွှေတိဂုံစေတီတော်ကို အများမြင့်တွေ့နိုင်မယ့် မြင်ကွင်းပိတ်ဆို့တာအပြင် စီမံကိန်းကြောင့် ရွှေတိဂုံစေတီတော် ပြိုကျလာနိုင်မယ့် အန္တရာယ်တွေရှိတာကြောင့် စီမံကိန်းကို လုပ်ဆောင်သင့်၊ မသင့် အသေအချာ စိစစ်ပြီးမှ ဆက်လက်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒဂုံစီးတီးစီမံကိန်းကို မဆောင်ရွက်ခင်ကလည်း စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က လွှတ်တော်ရဲ့သဘောထားကို ရယူခဲ့တာမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒဂုံစီးတီးစီမံကိန်းဟာ ဧက ၂၀ ကျော် ကျယ်ဝန်းပြီး အထပ်မြင့်ကွန်ဒို အဆောက်အအုံတွေကိုသာ အဓိကထည့်သွင်းဆောက်လုပ်မယ့် စီမံကိန်းဖြစ်ပါတယ်။
