ဖလမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တချို့မီးလောင်

RFA Burmese
2024.11.09
ဖလမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တချို့မီးလောင် ဖလမ်းမြို့ မှ နေအိမ်များ မီးလောင်နေအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်မဟာပိတ်ပူပေါင်း တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး လူနေအိမ်နှစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဖလမ်းမြို့ခံတွေက RFA ကို နိုဝင်ဘာလ ၉ ရက် ဒီနေ့ ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်မနေ့က ဖလမ်းမြို့ ၊ တလန်လိုရပ်ကွက်မှာ တစ်နေ့လုံးနီးပါး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး လူနေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲက တစ်နေကုန်ဖြစ်တာ။ သေနတ်သံ၊ လက်နက်ကြီးသံတွေ တောက်လျှောက်ကြားနေရတယ်။ မြို့ထဲမှာတော့ လူနည်းနည်းပဲရှိတော့တယ်။ စစ်ကောင်စီတပ်သားတွေ သေတာရှိတော့ သေတဲ့သူတွေကို အဲဒီအိမ်နှစ်လုံးမှာ မီးရှို့တာလို့ ပြောကြတယ်။ အခုအဲဒီဘက်ကို မသွားရဲတော့ အသေးစိတ် မသိနိုင်သေးဘူး”

ဒီနေ့မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်မဲ့ အခြေအနေရှိတာကြောင့် ဖလမ်းမြို့ပေါ်က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ပြင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်ကစပြီး ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစဖြစ်ခဲ့တာကြောင့် မြို့ပေါ်မှာနေထိုင်သူတွေ အားလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ လူတစ်ရာခန့်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့က တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကျောင်းဆရာမ တစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။