ကိုရိုနာသတင်းမှားတွေကို ဘယ်လို စောင့်ကြည့်ထိန်းချုပ်မလဲ

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အစိုးရက ပုံမှန်ထုတ်ပြန်ပေးနေတဲ့အတွက် လူမှုကွန်ရက်က သတင်းအမှားတွေကို မယုံကြဖို့နဲ့ မဖြန့်ဝေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သတင်းအမှားဖြန့်ဝေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ အကောင့်တွေကို အစိုးရက ထုတ်ပြန်ကြေညာ ပေးသင့်တယ်လို့ ထောက်ပြဝေဖန်သူတွေရှိပါတယ်။

အခုချိန်မှာ လူမှုကွန်ရက်တွေကနေ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ ကောလဟလတွေ တင်နေတာ၊ အဲဒါတွေကို တဆင့်ဖြန့်ဝေနေတာတွေကြောင့် ပြည်သူတွေထိတ်လန့်၊ စိုးရိမ်နေရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ရင် ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေက တင်တဲ့သတင်းတွေ၊ တရားဝင်မီဒီယာတွေက သတင်းတွေကိုသာ ယုံကြဖို့ ဖေဖော်ဝါရီ ၁၃ ရက်က သတင်းထုတ်ပြန်တာပါ။

ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာထွန်းမြင့်က လူမှုကွန်ရက်က သတင်းအမှားတွေကို မယုံဖို့ ပြောပါတယ်။

"ပြည်သူတွေကို ပြောချင်တာက Facebook လူမှုကွန်ရက်က သတင်းတွေကို မယုံပါနဲ။ လွယ်လင့်တကူလည်း လက်မခံလိုက်ပါနဲ့။ ဒီသတင်းရင်းမြစ်က ယုံကြည်ရသလား။ ယုံကြည်သင့်တာမှ ယုံပါ။ Facebook ပေါ်မှာတွေ့တာနဲ့ မယုံပါနဲ့"


တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူ စတွေ့တယ်ဆိုပြီး ၂၀၁၉ ဒီဇင်ဘာမှာ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။ ကူးစက်ခံထားရသူတွေထဲက သုံး ယောက်ဟာ ဇန်နဝါရီလလယ်လောက်မှာ သေဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ တရုတ်အပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ ကူးစက်ခံရတာကိုလည်း လူမှုကွန်ရက်မှာပျံ့နှံ့လာပါတယ်။ အဲဒီနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေအပါအဝင် ကူးစက်ခံရသူတွေ ရှိနေသလိုလို သတင်းတွေပျံ့လာပါတယ်။

တချို့သတင်းတွေကတော့ မှန်ပေမယ့် အများစုကတော့ မဟုတ်တာတွေများပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့မှာ တရုတ်ယန်စီကုမ္ပဏီက လုပ်ကိုင်နေတဲ့ ကြေးစင်တောင် စီမံကိန်းက တရုတ် အလုပ်သမားတွေထဲမှာ သေဆုံးသူတွေရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။

အဲဒီသတင်းကလည်း စိုးရိမ်စိတ်နဲ့ပျံ့လာတဲ့သတင်းလို့ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

"တရုတ်ကလာတယ်။ ကူးမှာကြောက်တယ်။ ဒါကတော့ စိုးရိမ်စိတ်။ စိုးရိမ်ခွင့်ရှိတယ်လေ ပြည်သူတွေက။ တမင်သက်သက်ကြီး ကူးနေပြီဆိုပြီး မဟုတ်တဲ့သတင်းထုတ်လွှင့်ရင် ပြည်သူလူထု စိုးရိမ်မှု၊ ထိတ်လန့်မှုဖြစ်မယ်လေ။ ပြည်သူကိုယ်စားပြုတဲ့ အစိုးရပိုင်းတို့ ကုမ္ပဏီတို့ကတော့ ကျေနပ်ချင်မှ ကျေနပ်မယ်လေ။"

အဲဒီသတင်းအမှားကို ဖြန့်ဝေသူကို အရေးယူတာတော့ မတွေ့ရဘူးလို့လည်း ပြောပါတယ်။ ဒီလိုသတင်းတွေကို ယုံကြည်တာဟာ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအပေါ် သံသယရှိတာကြောင့်လို့ သုံးသပ်သူတွေ ရှိပါတယ်။

အခုလိုသတင်းတွေကို ယုံတဲ့သူတွေရှိတာက အရင်အစိုးရတွေ လက်ထက်မှာတုန်းက သတင်းအမှန်ကို မထုတ်ပြန်ခဲ့တဲ့အတွက် ရတဲ့သတင်းအချက်လက်တွေပေါ်မှာပဲ ယုံကြည်သွားကြတာလို့ သုံးသပ်တာက ရန်ကုန်အခြေစိုက် သတင်းသမားတစ်ဦးဖြစ်တဲ့ ကိုသီဟသွေး ပါ။

"အစိုးကကိုယ်တိုင်က ဒါကိုမသိနိုင်ဘူး။ သိနိုင်လောက်အောင် အားနည်းတယ်ပေါ့လေ။ အစိုးရက ဒီကိစ္စနဲ့ပတ်သက်ရင် စိုးရိမ်မှုနည်းတယ်။ သိပ်ပြီးတော့ မလှုပ်ရှားဘူး။ မတက်ကြွဘူးပေါ့နော်။ ရှိရဲ့သားနဲ့ ဖုံးထားတာ နောက်တစ်ခု ရှိတာကို ရှိမှန်း အစိုးရကမသိဘူးဆိုတဲ့ အချက် နှစ်ချက်ပေါ်အခြေခံပြီး လူတွေက စိုးရိမ်တယ်။ အစိုးရမပြောဘဲနဲ့ သတင်းတွေက ဘယ်ကရမလဲဆိုပြီးစူးစမ်းကြ၊ ရှာဖွေကြတာပေါ့နော်…"


အစိုးရအဖွဲ့တစ်ခုဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ သတင်းမှားတွေကိုသာမယုံကြဖို့ သတိပေးပေမယ့် သတင်းမှားတွေ ထုတ်တဲ့သူတွေ၊ ဖြန့်တဲ့သူတွေကို ဘယ်လို အရေးယူမယ်ဆိုတာတော့ မပါပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ကိုရိုနာသတင်းအမှား ဖြန့်ဝေသူတွေကို စုံစမ်းဖမ်းဆီးဖို့ ထိုင်းအစိုးရက တော်ဝင်ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး သတင်းတုတိုက်ဖျက်ရေးဌာနကို ဖွဲ့စည်းလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာလည်း အခုလို မဟုတ်မမှန်သတင်းတွေ ကူးယူတင်တာ၊ ဖြန့်ဝေတာတွေ မလုပ်ဖို့ စင်္ကာပူ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး၊ မဟုတ်မမှန် သတင်းတွေဖြန့်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

သတင်းအချက်လက်ဖြန့်ဝေဖို့ အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနကနေ ဘယ်သတင်းစာမျက်နှာတွေကတော့ အမှားတွေဖြန့်နေတာ၊ ဘယ်အကောင့်ကနေတော့ လူထိတ်လန့်စေတဲ့ သတင်းမှားတွေ ရေးနေတယ်ဆိုတာတွေကို စောင့်ကြည့်လေ့လာပြီး အများပြည်သူကို ထုတ်ပြန်သင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

အဲဒီလို ထောက်ပြတာက သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် ပါ။

"ကျန်းမာရေးဝန်ကြီးဌာနကို ဆိုလိုတာမဟုတ်ဘူး။ ဥပမာ- ပြန်ကြားရေးဝန်ကြီးဌာနလိုမျိုး၊ ကောင်စီလည်း တနည်းအားဖြင့် တာဝန်ရှိတယ်ပေါ့နော်၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဒီလိုမျိုးသတင်းအမှားတွေကို သုတေသနစောင့်ကြည့်ပြီး ထုတ်ပြန်ဖို့လိုတယ်ပေါ့။ အရေးယူတာတွေ၊ ဖော်ထုတ်ဖမ်းဆီးတာတွေက နည်းပညာလိုတယ်။ အခြားသော ဝန်ကြီးဌာနနဲ့ဆိုင်တယ်။ ဆက်သွယ်ရေးတို့၊ ပြည်ထဲရေးတို့ပေါ့၊ အဲ့ဒီလိုမျိုး မလုပ်နိုင်ရင်တောင် ဘယ်ဟာတွေက သတင်းမှားတွေပါ၊ ဘယ်ဆိုက်တွေက သတင်းမှားတော့ တင်လေ့ရှိပါတယ်ဆိုတာကို ခပ်စိတ်စိတ် ပုံမှန်ထုတ်ပြန်ပေးဖို့က ပြန်ကြားရေးဝန်ကြီးဌာနက အဆီလျော်ဆုံး၊ တာဝန်အရှိဆုံးလို့ ထင်တယ်လေ။"

မြန်မာသတင်းမီဒီယာကောင်စီကတော့ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် တခြားသတင်းတွေနဲ့ ပတ်သက်ရင်လည်း သတင်းမှားဖြန့်ဝေနေတဲ့ အကောင့်တွေ၊ ဝက်ဘ်ဆိုက်တွေကို လာမယ့်အပတ်ထဲမှာ ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။

သတင်းမှားတွေတင်တဲ့ အကောင့်တွေကို စောင့်ကြည့်သင့်တယ်လို့ ထောက်ပြတဲ့အချက်နဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

မဟုတ်မမှန်သတင်းတွေကို ဖြန့်တာဟာ စိုးရိမ်စိတ်နဲ့ လူအများသိအောင်ဖြန့်တာမျိုး ရှိသလို၊ ဒီသတင်းက မှန်သလား၊ မှားသလားဆိုတာကို အတည်ပြုတာ လိုချင်လို့ ဖြန့်တာမျိုး ရှိပါတယ်။ တချို့ကတော့ ကိုယ့်သတင်းအချက်လက်ကိုဖြန့်ဝေသူ၊ Like များချင်သူ၊ ကိုယ့်ဝက်ဘ်ဆိုက်- စာမျက်နှာကို လူကြည့်များချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ဝေတာမျိုးတွေလည်းရှိပါတယ်။

အဲဒီလို မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေတာဟာ လူ့ကျင့်ဝတ်နဲ့လည်းမညီဘဲ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်တာ၊ လူနာနဲ့ မိသားစုဝင်တွေအတွက် နစ်နာစေတာ၊ ကျန်းမာရေးဝန်ထမ်းတွေ အတွက်လည်း ထိခိုက်နစ်နာစေတာကြောင့် ထပ်ဆင့်ဖြန့်ဝေတာတွေမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။